မန္တလေး မှတ်ပုံတင်ကိုင်ဆောင်သူများကို ရှမ်းတောင်စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ်စစ်ဆေး

by

in

မန္တလေး မှတ်ပုံတင်ကိုင်ဆောင်သူများကို ရှမ်းတောင်စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ်စစ်ဆေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၈ ရက်

စစ်ရေးပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့် နယ်မြေများမှဒေသခံများကို ရှမ်းတောင်အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပေးကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက်နေ့မှစတင်ပြီး ရှမ်းတောင် ရပ်စောက်အဝင်ဂိတ်၊ ၁၁ မိုင်ဂိတ်နှင့် ကျောက်ဂူအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ၉/(မန္တလေး)နိုင်ငံ သားစိစစ်ရေးကတ်ကိုင်ဆောင်ထားသူ အရပ်သား ပြည်သူများကို ရှမ်းတောင်ဘက်သို့အဝင်မခံဘဲ တင်းတင်းကျပ်ကျပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“တောင်ကြီး ရပ်စောက်လမ်းပိုင်း ဟဲကယ်အကျော် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ၉/ မှတ်ပုံတင် ကိုင်ထားတဲ့သူတွေကို ခရီးသည်ကားပေါ်ကနေ ဆွဲချတာ။ ဖြတ်ခွင့်မပေးဘူး” ဟု ခရီးသွားရင်း ကြုံခဲ့ရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်ဆေးရေးဂိတ်ရှိ ရဲနှင့် စစ်ကောင်စီတပ်သားများက အရပ်သား ခရီးသည်တင်ကား‌များပေါ်ထိ တက်ရောက်စစ်ဆေးကာ တွေ့ရှိပါက ကားပေါ်မှဆွဲချ၍ လှည့်ပြန်ခိုင်းမှုများပင် ပြုလုပ်နေသည်ဟု ဆိုသည်။

ထို့အပြင် ၅/ (စစ်ကိုင်း)၊ ၈/ (မကွေး)နှင့် ၁၃/ (ရှမ်းပြည်) မှတ်ပုံတင်ကိုင်ဆောင်ထားသည့် အရပ်သားပြည်သူများကိုလည်း ရှမ်းတောင် ရပ်စောက်ဂိတ်တွင် ဖြတ်သန်းခွင့်မပေးကြောင်း သိရသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် နယ်မြေများမှ စစ်ရှောင်ပြည်သူများကို စိစစ်ပြီး ပြင်ဦးလွင်နှင့် ရှမ်းတောင်ဘက်သို့ဖြတ်သန်းခွင့်မပေးဘဲ ကန့်သတ်မှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင်ရှမ်းမြောက်၊ နောင်ချိုမြို့နယ်သို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား စက်တင်ဘာ ၇ ရက်‌နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး ရပ်စောက်မြို့နယ်တွင်လည်း စက်တင်ဘာ ၆ ရက် နံနက်မှစတင်၍ စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် (DPLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။