မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင် နေပြီး ပြင်ဦးလွင်အတွက်ပါ ပြင်ဆင်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆို

by

in

မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင် နေပြီး ပြင်ဦးလွင်အတွက်ပါ ပြင်ဆင်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆို
စက်တင်ဘာ ၈ ရက်
မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကျန်းမာရေးနှင်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆိုလိုက်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ထုတ်လွှင့် တင်ဆင်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ အပတ်စဉ် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မန္တလေးသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်၍ အချက်အချာကျပြီး ထူးခြားကြောင်း၊ မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ယခင်ကတည်းက ကြိုတင်ပြင်ဆင်မှုများ ရှိနေပြီးဖြစ်ကြောင်း၊ ပြင်ဦးလွင်အတွက်လည်း ကြိုတင်ပြ်ဆင်မှုများရှိနေကြောင်း NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။
“မန္တလေးနဲ့ပတ်သက်ရင် ကျနော်တို့တွေ ကြိုတင်ပြင်ဆင်မှုတွေ ဟိုးကတည်းကရှိတယ်။ ၁၀၂၇ အပြီးမှာ ၁၀၂၇ Second Wave အတွက် ပြင်ဆင်မှုထဲမှာ မန္တလေး ပတ်ဝန်းကျင်၊ မေမြို့ ပတ်ဝန်းကျင် ပြင်ဦးလွင်ပတ်ဝန်းကျင်ကို ပြင်ဆင်မှုက ဟိုးကတည်းက လုပ်တယ်။ ဒါကြောင့် အဲဒီပြင်ဆင်မှုတွေ အားကောင်းခဲ့လို့လည်း ၁၀၂၇ Second Wave မှာကောင်းတာ။ အခုဟာက မန္တလေးနဲ့ပတ်သက်ပြီး ပြောရင် ကျနော်တို့မှာ ကအခြေခံကောင်းတွေက ရှိပြီးသား။ CDM တွေကစတယ်။ မန္တလေးဟာ CDM အားကောင်းတဲ့မြို့ဖြစ်တယ်။ မန္တလေးဟာ ထူးခြားတယ်။ ကျနော်တို့ မြန်မာနိုင်ငံအတွက်တော့ ဒုတိယမြို့တော်ဖြစ်တယ်။ အဲဒီတော့ အဲဒီမှာ ကောင်စစ်ဝန်ရုံးတွေရှိတယ်။ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိတယ်။ ကျန်းမာရေး၊ ပညာရေးတို့နဲ့ပတ်သက်ရင် မြန်မာနိုင်ငံအပေါ်ပိုင်းကြီးတစ်ခုလုံး အတွက်လိုအပ်တဲ့စာရင်းဇယားတွေ ပစ္စည်းဆေးဝါးတွေသိုလှောင်မှုရှိတယ်။ အလားတူပဲ ဆက်သွယ်ရေးနဲ့ပတ်သက်ရင်လည်း ရှိတယ်”ဟု ဒေါက်တာဇော်ဝေစိုးက ဆက်လက် ရှင်းပြသည်။
မန္တလေးမြို့ကို သိမ်းပိုက်ရေးတွင် CDM များ၊ ပြည်သူများ၏ ပါဝင်မှု နှင့် NUG ဝန်ကြီးဌာန အသီးသီးအကြားတွင်လည်း ပေါင်း စပ်မှုဖြင့် အစီအစဉ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မပျက်မစီးဘဲနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြီးတော့ အကောင်းဆုံး မြို့ကို ရယူထိန်းသိမ်းနိုင်အောင် ကြိုတင်ပြင်ဆင်တယ်။ ပြင်ဆင်ထားတာတွေရှိတယ်။ အခုလည်း ပြင်ဆင်နေတယ်။ အဲဒီတော့ ပြည်သူတွေကလည်း ပါဝင်မှု၊ CDM တွေလည်းပါဝင်မှု တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ပေါင်းစပ်မှု ဝန်ကြီးဌာန အသီးသီးအကြားမှာ ပေါင်းစပ်မှုတွေရှိတယ်။ ဒါ့အပြင် NUG မှာ EOCC ကော်မတီဆိုတာရှိတယ်။ အခု လည်း မန္တလေးအတွက် သီးခြား ကြိုတင်ပြင်ဆင်မှုတွေ အစီအစဉ်တကျဆောင်ရွက်ပြီးသွားနေတယ်လို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရှင်းလင်းပြောဆိုသည်။
လက်ရှိတွင် မန္တလေးအနီးရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတွင် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိပြီး တော်လှန်ရေးတပ်များ၏ ထိုးစစ်က မန္တလေးမြို့နှင့်တဖြည်းဖြည်း နီးကပ်လာကြောင်း သိရှိရသည်။