လှိုင်သာယာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများလာပြီး၊ အဲဒီရောဂါကြောင့် တစ်အိမ်တည်း သေဆုံးသူ သုံးဦးထိရှိ

by

in

လှိုင်သာယာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများလာပြီး၊ အဲဒီရောဂါကြောင့် တစ်အိမ်တည်း သေဆုံးသူ သုံးဦးထိရှိ
CJ Platform

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ များပြားနေပြီး သေဆုံးသူ ငါးဦးထိရှိခဲ့တယ်လို့ မြို့နယ်ဒေသန္တရကျန်းမာရေးဌာနနဲ့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ တစ်အိမ်တည်းမှာတင် ရောဂါကြောင့် သေဆုံးသူ သုံးဦးအထိရှိခဲ့တယ်လို့ ရိုးကြီးရပ်ကွက်နေသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“အခုက တော်တော်အဖြစ်များနေတာ။ ကျွန်တော်တို့အိမ်နားတင် အဲဒီရောဂါနဲ့ တစ်အိမ်ထဲက သုံးယောက်ဆုံးသွားတယ်။ အခုတော့ ရပ်ကွက်ထဲ လမ်းဘေးဆိုင်တွေ တစ်ပတ်လောက်မထွက်ဖို့ကို ကြေညာထားတယ်။ တခြားရပ်ကွက်တွေမှာလည်း ကြားရတယ်။ ရပ်ကွက်ရုံးက နေ့တိုင်းလိုက်သတိပေးအော်နေတာ” လို့ ၎င်းက ပြောပါတယ်။
လှိုင်သာယာမြို့နယ်ကျန်းမာရေးဌာနကတော့ ပြင်းထန်ဝမ်းရောဂါနဲ့ပတ်သက်ပြီး ရပ်ကွက်တိုင်းရှိ ဓမ္မာရုံတွေမှာ အခမဲ့လာရောက်ပြသနိုင်ဖို့ ဒေသန္တတရဆေးခန်းလို ဖွင့်ပေးထားတယ်လို့လည်း သိရပါတယ်။
“ရောဂါလက္ခဏာဖြစ်လာရင် ကျွန်တော်တို့ဆီမှာတော့ ဓမ္မာရုံနှစ်ခုမှာ အခမဲ့လာရောက်ပြသလို့ရဖို့ မြို့နယ်ကျန်းမာရေးဘက်က ဆရာ/ဆရာမတွေနဲ့ ထားထားတယ်။ ဒီဘက်မှာတော့ သေဆုံးတာနှစ်ဦးရှိတယ်။ တစ်ယောက်က အသက်အရမ်းကြီးနေပြီ။ နောက်တစ်ယောက်က လူငယ်ပိုင်းပဲရှိသေးတယ်” လို့ အမှတ် ၇ ရပ်ကွက်က ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
သေဆုံးသူအရေအတွက်အတိအကျကိုတော့ မြို့နယ်ကျန်းမာရေးဌာနဘက်က ထုတ်ပြန်တာမရှိသလို CJ Platform အနေနဲ့ မြို့ခံတွေအပြောအရ ငါးဦးအထိရှိတယ်လို့ စာရင်းပြုစုသိထားရတာပဲ လတ်တလော သတင်းရရှိထားပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက သာကေတမြို့နယ်အတွင်းကစပြီး ပြင်းထန်ဝမ်းရောဂါစတင်ဖြစ်ပွားခဲ့ရာမှာ လူသုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီကနေ သိထားရပါတယ်။
ပြင်းထန်ဝမ်းရောဂါဟာ အချိန်မီဆေးကုသမှုမခံယူပါက သေဆုံးနိုင်တဲ့အထိဖြစ်ပွားနိုင်တယ်လို့ UNICEF Myanmar က အသိပေးထားပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ လူမှုရေးအသင်းတွေကို ဆက်သွယ်အကူအညီတောင်းကာဆေးကုသမှုခံယူဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတာကတော့ ရန်ကုန်မှာ ဩဂုတ်လ ၁၈ရက်မှ ၂၅ ရက်နေ့အထိ ပြင်းထန်ဝမ်းရောဂါနဲ့ ဆေးရုံတက်ရောက်သူမရှိသလို သေဆုံးသူလည်းမရှိဘဲ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ရသူ ၄၆၄ ဦးသာရှိတယ်လို့ ဖော်ပြထားပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – YRO
#CJPlatform #ရန်ကုန်တိုင်း #လှိုင်သာယာမြို့ #ဝမ်းပျက်ဝမ်းလျှောရောဂါ