မေမြို့မှာ စစ်အုပ်စုက ပေါ်တာ စဆွဲ၊ ဆေးရုံကား အသုံးပြုကာ ပေါ်တာလိုက်ဆွဲနေတာလို့ဆို၊

by

in

မေမြို့မှာ စစ်အုပ်စုက ပေါ်တာ စဆွဲ၊
ဆေးရုံကား အသုံးပြုကာ ပေါ်တာလိုက်ဆွဲနေတာလို့ဆို၊
AN/MFP ၊ စက်တင်ဘာ – ၇
မန္တလေးတိုင်း၊ မေမြို့မှာ ယခု စက်တင်ဘာလဆန်း စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်သားသစ် စုဆောင်းနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စက်တင်ဘာလ၄ရက်နဲ့ ၅ရက်က ညပိုင်းအချိန်တွေမှာ စစ်အုပ်စုက ဆေးရုံကားကို အသုံးပြုပြီး မေမြို့အနှံ့ ပေါ်တာလိုက်ဆွဲတာလို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။
“၄ရက်နေ့ ညကဗျ။ ည၇နာရီထိုးခါနီးမှာ မြို့အဝင်နားက ကြေးရုပ်သုံးရုပ်နား မရောက်ခင်မှာ ဆေးရုံကားက မောင်းနေတဲ့ ဆိုင်ကယ်တွေ ရှေ့ကို ပိတ်ရပ်လိုက်တာ။ အကုန် ရပ်ရပ်ဆိုပြီးတော့ တားတယ်။ ကျွန်တော်တို့က နည်းနည်း လှမ်းသေးတယ်။ ရှေ့က ဆိုင်ကယ်ပေါ်က နှစ်ယောက်ကို ဆွဲတင်တာ မြင်လိုက်လို့ ဆိုင်ကယ်မီးတွေပါ ပိတ်ပြီး လမ်းကြားတွေထဲကနေ မောင်းပြေးလာတာ”လို့ ကိုယ်တိုင်ကြုံရသူ လူငယ်တစ်ဦးက ပြောပါတယ်။
အဲဒီ ဆေးရုံကားပေါ်ကနေ ယူနီဖောင်းအပြည့်စုံနဲ့ သေနတ်တွေကိုင်ပြီး စစ်သားတွေ ဆင်းလာတာလို့ ဆိုပါတယ်။
မေမြို့က စစ်စခန်းနဲ့ ဂိတ်တွေအနီး၊ DSA (စစ်တက္ကသိုလ်) ကျောင်းနဲ့ DSTA (စစ်နည်းပညာတက္ကသိုလ်)ကျောင်း စတဲ့ နေရာတွေမှာ အဓိကထား ပေါ်တာဆွဲနေတာလို့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
စစ်အုပ်စုဟာ မတ်လကစလို့ နိုင်ငံတဝန်း စစ်သားသစ် စုဆောင်းနေတာဖြစ်ပြီး တစ်လကို တစ်မြို့နယ်မှာ လူ ၁၅၀ ကနေ ၂၀၀ နှုန်း စစ်သားသစ် စုဆောင်းနေကာ ဧပြီလနောက်ပိုင်း အလွယ်တကူ စစ်သားသစ် စုဆောင်းလို့ မရတော့တာကြောင့် မြို့နယ်အလိုက် သတ်မှတ်ခွဲတမ်း ပြည့်မီရေး ပေါ်တာဆွဲ စစ်သားသစ် စုနေတာလို့ စစ်အုပ်စု ကိုယ်တိုင်က ဝန်ခံပြောဆိုထားပါတယ်။
#Mandalay_Free_Press_MFP