ပင်လည်ဘူးမှာ စစ်အုပ်စု (၈၀)ကျော် လက်နက်ချ၊ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်အုပ်စုက ညလုံးပေါက် ဗုံးကြဲ၊ လက်ကျန် စစ်အုပ်စုကလည်း ဆက်လက် ခုခံ၊

by

in

ပင်လည်ဘူးမှာ စစ်အုပ်စု (၈၀)ကျော် လက်နက်ချ၊
မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်အုပ်စုက ညလုံးပေါက် ဗုံးကြဲ၊ လက်ကျန် စစ်အုပ်စုကလည်း ဆက်လက် ခုခံ၊
ဒေါ်လာ/ MFP ၊ စက်တင်ဘာ – ၇

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်အုပ်စုက ညလုံးပေါက် ဗုံးကြဲသလို မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်အုပ်စုကလည်း ဆက်လက် ခုခံနေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။
ဩဂုတ်လ(၁၅)ရက်က စတင်ကာ တော်လှန်ရေးတပ်တွေက ပင်လည်ဘူးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး မြို့ပေါ်က စစ်အုပ်စု အထိုင်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီး ဖြစ်ပေမယ့် မြို့ကို အလုံးစုံ သိမ်းပိုက် ရရှိရေး ရဲစခန်းရိပ်သာ စစ်အုပ်စု အထိုင်စခန်း ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
“မြို့ကို သိမ်းနိုင်ဖို့က ရဲစခန်းနဲ့ဧည်ရိပ်သာကုန်း ကျန်ပါသေးတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ပင်လည်ဘူးမြို့ မကျရေး နောက်ဆုံးလက်ကျန် ရဲစခန်းရိပ်သာ အထိုင်စခန်းကနေ ခုခံနေသလို နေ့စဉ် လေကြောင်းဗုံးကြဲ ခုခံနေပြီး လေကြောင်းသုံးကာ စစ်ကူ ပို့လွှတ်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။
ပင်လည်ဘူးမြို့အတွက် စစ်ကူပို့လိုက်သူတွေထဲက စစ်အုပ်စု (၈၀)ကျော် စက်တင်ဘာလ ၄ ရက်က လက်နက်ချ အလင်းဝင်တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“(၈၁)ယောက် အလင်းဝင်တာပါ။ အဲ့ထဲမှာ အသက် (၁၇)နဲ့ (၂၅)ကြား လူငယ်တွေပဲ များတယ်။ စစ်သား အစစ်က (၁၂)ယောက်ပဲ ပါတယ်။ ကျန်တာက ပေါ်တာဆွဲလို့ လိုက်လာကြတာတဲ့။ ကလေးတွေပဲ”
စစ်အုပ်စုကတော့ ပင်လည်ဘူးမြို့ မကျရေး ဗုံးကြဲခုခံနေပြီး စက်တင်ဘာလ ၆ရက် မနေ့က ညပိုင်း စစ်အုပ်စုက ပင်လည်ဘူးမြို့ကို ညလုံးပေါက် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပင်လည်ဘူးမြို့ မကျရေး ဩဂုတ်လ(၂၇)ရက်က ရဟတ်ယာဉ် လေးစီးနဲ့ စစ်ကူအင်အား ဖြည့်ထားပြီး အဲ့ဒီ စစ်ကူတွေကို မြို့ပေါ်မှာ မချရဲတဲ့အတွက် မြို့နဲ့ လေးမိုင်ခန့်အကွာက ဘန့်ဘွေးကုန်း ကျေးရွာဘက်မှာ ချထားခဲ့ပါတယ်။
လက်ရှိမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပင်လည်ဘူးမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်အုပ်စု စစ်ကူတွေကိုလည်း ကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ ပင်လည်ဘူးမြို့ကို သိမ်းယူနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စုဘက်ကလည်း အဲဒီအချိန် ကတည်းက မြို့မကျရေး လေကြောင်းပစ်ကူကာ အသည်းအသန် ခုခံပြီး မြို့ကို ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တဲ့အတွက် မြို့ခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာ နှစ်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ယခုနှစ် ဇွန် ၊ ဇူလိုင်လက စလို့ ပင်လည်ဘူးမြို့မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေလို့ မြို့ခံပြည်သူတွေ မြို့ထဲ မနေဝံ့ဘဲ ဆက်လက် တိမ်းရှောင်နေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ ပင်လယ်ဘူးမြို့ထဲက လက်ကျန် စစ်စခန်းကို သိမ်းပိုက်နိုင်ပါက တခြားနေရာတွေမှာ စစ်အုပ်စု အထိုင်စခန်းတွေ မရှိတော့လို့ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိမှာ ဖြစ်ပါတယ်။
ပင်လည်ဘူးမြို့မှာ စစ်အုပ်စုတွေ လက်နက်ချလို့ သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – CJ
#Mandalay_Free_Press_MFP