လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း

by

in

လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း
ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးအရ ရှုံးနိမ့်နေသော အရှုံးကို ဖာထေးရန် နှင့် အာ ဏာ တည်မြဲရေးအတွက် လူထု၏ အသက်နှင့် ခန္ဓာကို စတေးနေသည့် စစ်အာဏာ ရှင်စနစ်ကို အတူတကွ သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အား စိုက်ရုန်းကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ကျရောက်သည့် ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့် လူထုထံသို့ အမှာစကား ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစသ်ည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကို လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်လာကြောင်း၊ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းလာပြီး အရှုံးကို ဖာထေးရန်အတွက် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ချေမှုန်းရေး နောက်တစ်ကြိမ်အားစိုက်ရုန်းကြရန် NUG သမ္မတက တိုက်တွန်း ပြောဆိုသည်။
“အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အဆက်မပြတ် လုပ်ဆောင်လာတာတွေ့ရတယ်။ ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်။ ပြည်သူလူထုနဲ့ အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့…” ဟု ယာယီသမ္မတက ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
တရားသော ခုခံတော်လှန်စစ်သည် အဆုံးတွင် မုချ အနိုင်ရရှိမည်ဖြစ်ပြီး လူထုတစ်ရပ်အနေဖြင့် အထွေထွေအောင်ပွဲ အရပ်ရပ်သည် ပြည်သူအားလုံးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီဖြစ်ကြောင်း ၊ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးများသည် တရိပ်ရိပ်ဖြင့် စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက် စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ နိဂုံးကို အဆုံးသတ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ်ဖြစ်တယ်။ ခုခံတော်လှန်စစ်ဟာ မြေပေါ် မြေအောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်တဲ့ ခုခံတော်လှန်စစ်ဖြစ်တယ်။ ဒါ့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံ မိမိတို့ နေရာဌာနအလျှောက် တော်လှန်ကြတဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ်အရသော်လည်း ကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထုလမ်းစဉ်အရသော် လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တော်လှန်တဲ့ တော်လှန်ရေးဒီရေမုန်တိုင်းဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေအားလုံးကို အပြီးသပ်ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်မှာ ဖြစ်တယ် ” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသွားသည်။