ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်ဟု NUG ဆို

by

in

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်ဟု NUG ဆို
1 July 2025 By Ko Myo / MPA

မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို အထူးစိုးရိမ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)က ဆိုသည်။
ယနေ့(ဇူလိုင်တစ်ရက်)ပြုလုပ်သည့် NUGအစိုးရ၏ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က အထက်ပါ အတိုင်းပြောသည်။
“နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့ဟာလည်း အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီး လုံ လောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိမနေတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား တွေအားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးပဲ စိုး ရိမ်မကင်းဖြစ်မိပါတယ်”ဟု ၎င်းက ပြောသည်။
စစ်အုပ်စုလက်အောက်ခံ အကျဉ်းထောင်များက အကျဉ်းဦးစီးအရာရှိများနှင့် တာဝန်ရှိသူများအနေ နှင့် နိုင်ငံရေးအကျဉ်းသားများအပေါ် ရက်စက်စွာ ဖိနှိပ်နေသည့် လုပ်ရပ်များအတွက် တာဝန်ယူ၊တာ ဝန်ခံကြရမှာဖြစ်ကြောင်းလည်း NUGအစိုးရက သတိပေးလိုက်သည်။
မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေး၊အိုးဘိုထောင်အတွင်း ဒဏ်ရာရကာ ဆေးကုသပေးမှု နှောင့်နှေးသဖြင့် မသေသင့်ဘဲ သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၅၀ကျော်ရှိ ကြောင်းလည်း ဦးနေဘုန်းလတ်က ဆိုသည်။
ဇွန်၂၇ရက်ကလည်း မန္တလေး၊အိုးဘိုထောင်တွင် မတရားအကျဉ်းချခံထားရသည့် မန္တလေးတိုင်းလွှတ် တော်ဥက္ကဌ ဦးအောင်ကျော်ဦး(၆၉နှစ်) ရုတ်တရက်အမောဖောက်ပြီး ကျဆုံးခဲ့ခြင်းအပေါ် NUG အစိုးရအနေနှင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းလည်း ဆိုသည်။
အိုးဘိုထောင်တွင် ၂၀၂၄ခုနှစ်၊အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် နိုင်ငံရေးအကျဉ်း သားကိုစိန်လင်း(ခ)အငယ်လေးတို့ ဆက်တိုက်ဆိုသလို ကျဆုံးခဲ့ကြသည်။
ထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရရှိမှုနှင့် ဖိနှိပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများ အသက်ဆုံးရှုံးနေရသည့် ဖြစ်စဉ်များရှိနေကြောင်းလည်း ဦးနေဘုန်းလတ် ကပြောသည်။
စာတည်း-ML
#ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည် #အသက်အန္တရာယ် #အထူးစိုးရိမ် #NUG #MPA #Ko_Myo