တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
ဇူလိုင် ၁၊ ၂၀၂၅
စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
ဇွန်လ ၃၀ ရက်၊ တနင်္လာနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ကြားနာမှုအတွင်း နိုင်ငံခြားရေးကော်မရှင်၊ အောက်လွှတ်တော်အမတ် Abraham Sridjaja က ဒီကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
တော်လှန်ရေးတပ်တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး အသက် ၃၃ နှစ်အရွယ် လူမှုကွန်ရက်နာမည်ကျော်တစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ အထောက်အထားကလည်း ခိုင်လုံမှုမရှိကြောင်း သူက ပြောဆိုပါတယ်။
“သူပုန်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး မြန်မာပြည်မှာ အဖမ်းခံထားရတဲ့ ကျနော်တို့ နိုင်ငံသားတစ်ယောက်ရှိပါတယ်။ သူလည်း ကျနော့်လောက်ပဲ၊ အသက် ၃၃ နှစ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ပါ။ ကျနော်သိသလောက် သူ့မှာ အဲဒီလို ရည်ရွယ်ချက်မျိုး တစ်ခါမှမရှိခဲ့ဘူး” လို့ Abraham က ကြားနာမှုအတွင်း ပြောပါတယ်။
အဆိုပါလူငယ်ဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိသူမဟုတ်ဘဲ content creator တစ်ယောက်သာဖြစ်ကြောင်း၊ သူ့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် ပြည်နှင်ဒဏ်ပေးပြီး ပြန်ပို့ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တိုက်တွန်းသင့်ကြောင်း သူက ဆက်ပြောထားပါတယ်။
အင်ဒိုနီးရှားအစိုးရအနေနဲ့ ဖမ်းဆီးခံထားရသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးပေမယ့် လူမှုကွန်ရက်အသုံးပြုသူတွေအကြား ထင်ကြေးပေးမှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေး ၀န်ကြီး Sugiono ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက် မှတ်ချက်မပေးဘဲ မြန်မာနိုင်ငံလို ပဋိပက္ခဖြစ်ပွားရာနေရာကို မသွားမီ သေချာလေ့လာကြဖို့ သူ့နိုင်ငံသားတွေကို အကြံပြုချက်ပေးထားတာကိုသာ ထပ်မံပြောဆိုထားပါတယ်။
“မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲရောက်နေပါတယ်။ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရုံနဲ့ တစ်နိုင်ငံလုံး အနေအထားမှာ လုံခြုံဘေးကင်းမယ်လို့ အာမ,မခံနိုင်ဘူး။ ဒေသတစ်ခုချင်းစီမှာ အလိုက်အထိုက် ချဉ်းကပ်မှုမျိုးလုပ်ရတယ်” လို့ Sugiono က ဆိုပါတယ်။
News – IndonesiaBusinessPost
