အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးနောက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ် ချုပ် ရဲမြင့်နိုင် တို့ကို စစ်ကောင်စီက ဖမ်းဆီး ၊ ဆက်သွယ်ရေးညွှန်ကြားမှူးနှင့် စစ်ဆေးရေးအရာရှိချုပ်အသစ်များ ခန့်အပ်

by

in

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးနောက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ် ချုပ် ရဲမြင့်နိုင် တို့ကို စစ်ကောင်စီက ဖမ်းဆီး ၊ ဆက်သွယ်ရေးညွှန်ကြားမှူးနှင့် စစ်ဆေးရေးအရာရှိချုပ်အသစ်များ ခန့်အပ်
ရန်ကုန်၊ ဩဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို ဆုံးရှုံးရပြီးနောက် စစ်ကောင်စီက အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ်ချုပ် ရဲမြင့်နိုင် တို့ကို ဖမ်းဆီး လိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ကထစ ၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကတော့ ရမခ စစ်ဆင်ရေးကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ ရမခ တိုင်းစစ်ဌာနချုပ်ကြီးပါ ကျသွားတဲ့ အနေအထားမှာ အရင်တိုင်းမှူးအဟောင်းလည်း အဖမ်းခံရတယ်။ အဲဒီကိစ္စကြောင့်လို့ ယူဆပါတယ်။ နောက်တစ်ခုကတော့ ဆက်သွယ်ရေးညွှန်ကြားရေးမှုး ဗိုလ်ချုပ် ရဲမြင့်နိုင်၊ ဒီဖြစ်စဉ်မှာကတော့ ရမခ တိုင်းတစ်တိုင်းလုံးနဲ့ စစ်ရုံးချုပ်နဲ့က အဆက်အသွယ်ပြတ်သွားတယ်။ ဇော်မဲလုံးတောင်မှပဲ ဝန်ခံသွားပါတယ်။ အဆက်အသွယ်ပြတ်တာ စဖြစ်တဲ့နေ့ကတည်းက အဆက်အသွယ်ပြတ်သွားတာ။ ယာဉ်တန်း စစ်ကူလိုက်တဲ့နေ့ပေါ့နော်။ အဆက်အသွယ်ပြတ်တောက်မှုပေါ့ ။ မင်းအောင်လှိုင် စိတ်ဆိုးသွားတာ။ သူတို့ရဲ့ စစ်ဗိုလ်ချုပ်တွေက အဲဒီလိုပဲ တကယ့်တကယ်မြေပြင်မှာ ဖြစ်နေရင် ဘယ်သူမှ ဖုန်းအားလည်း မသွင်းနိုင်ဘူး။ ဆက်သွယ်လို့လည်း မရနိုင်ဘူး။ သူတို့ကိုယ်တိုင် သူတို့ရဲ့ ရှင်သန်ရပ်တည်မှုတောင် မနည်းလုပ်နေရတာ။ ဒါပေမဲ့လည်း နောက်ဆုံးမှာ သူတို့တွေ အဖမ်းခံသွားရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၎င်းသဘောမကျသူများကို ရာထူးမှ ဖယ်ရှားပြီးနောက် စစ်တပ် ဆက်သွယ်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် ဗိုလ်မှူးချုပ် ဇေသူရ ကို အသစ်ခန့်အပ်လိုက်ပြီး ဒုဗိုလ်ချုပ်ကြီး နေလင်းအောင်ကိုလည်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဟူ၍ အသစ်ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သည့် တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ရာထူးသည် မင်းအောင်လှိုင်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် Level အဆင့်ရှိ ရုံးမှန်သမျှကို စိတ်ကြိုက် ဝင်စစ်ခွင့်ရှိသည့် ရာထူးဖြစ်ပြီး မင်းအောင်လှိုင်၏ တပ်တွင်း မယုံသင်္ကာဖြစ်နေကြောင်း၊ သူ၏ လက်အောက်ငယ်သားများက ခိုင်းသည့် အတိုင်း မလုပ်ဆောင်သည်ကို သဘောပေါက်နေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။
“တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဆိုတာ သူက မင်းအောင်လှိုင် ကိုယ်စား မထင်ရင် မထင်တဲ့ လူတွေ မှန်သမျှ ကျန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် Level တွေ အဆင့်ရှိတဲ့ ရုံးတွေ မှန်သမျှ ဝင်စစ်လို့ရတယ်။ စစ်တပ်ထဲမှာ မင်းအောင်လှိုင်က မယုံသင်္ကာဖြစ်နေပြီ။ အခုမှ သူက အတွေးပေါက်တာ။ ဒီကောင်တွေ ငါခိုင်းတဲ့အတိုင်း မလုပ်ဘူး ။ ဖြစ်ချင်တိုင်း ဖြစ်နေကြတာပဲ။ တကယ်က ဖြစ်ချင်တိုင်းဖြစ်နေကြတာ ကြာလှပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီမှ ပြောခွင့်ရ ဇော်မင်းထွန်းက လားရှိုး၊ ရမခတွင် စစ်ကောင်စီတပ်ဘက်မှ အကောင်းဆုံး ပြင်ဆင် ခုခံခဲ့ကြောင်း စစ်သည်၊ အရာရှိနှင့် ရဲမေများ ရွပ်ရွပ်ချွံချွံ ခုခံခဲ့ကြောင်း ၊ နောက်ဆုံးအချိန်အထိ စစ်တပ်က ခုခံခဲ့ကြောင်း၊ စစ်အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။
ဓာတ်ပုံ- အမှတ် ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ကို ရမခတိုင်းမှူးဘ၀ တွင် မြင်တွေရစဉ် (ပုံအဟောင်းဖြစ်ပါသည်။)