ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ စစ်တပ်စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး ထန်တလန်မြို့ကို မကြာမီ သိမ်းပိုက်နိုင်တော့မည်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၅
ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းကို အပြီး အပိုင်သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်အစိုးရအလံလွှင့်ထူလိုက်ပြီဖြစ်ကြောင်း CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်အချိန် ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ၏ တပ်အထိုင်စခန်းကို ချင်းပြည်နယ်အစိုးရ တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အကြမ်းဖက် စစ်သားအချို့မှာမြို့တွင်းရှိ ရဲစခန်း၊ CB ဘဏ်စသည့် နေရာများကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
“ထန်တလန်မြို့မှာ စစ်ခွေးတွေ အဓိက အထိုင်ချတဲ့နေရာက ၇ ခုလောက်ရှိတယ်။ အဲဒီထဲက အဓိက ကျ တဲ့ တပ်ကုန်းကိုပဲ သိမ်းနိုင်သေးတာ။ ကျန်တဲ့ ရဲစခန်းတို့ CB တို့ကျတော့ ကျန်သေးတယ်။ လက်နက် ခဲယမ်းသိမ်းဆည်းမိတာတွေလည်းရှိတယ်၊ ပြီးတော့ တပ်ကုန်းကနေ CB ဘဏ်တို့၊ ရဲစခန်းတို့မှာ ထွက်ပြေးသွားကြတာ၊ စခန်းကုန်းထဲကနေ လက်နက်ကြီးတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်း နိုင်ခဲ့တာရှိတယ်။ သေဆုံးထိခိုက်တာတွေလည်းရှိတယ်။ အရေအတွက်ဘယ်လောက်ဆိုတာ ပြောလို့ အဆင်မပြေသေးဘူး၊ လက်ရှိက နယ်မြေရှင်းလင်းနေတုန်းပဲ။ လက်ရှိတော့ တပ်ကုန်းမှာ ကျနော်တို့ အလံ လွှင့်ထူလို့ရပြီ” CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယမန်နေ့ ဩဂုတ လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ ယနေ့ ဩဂုတ်လ ၅ ရက်နံ နက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် အထိုင်စခန်းတွင် ခလရ ၇၇ ၊ ခလရ ၂၆၉ နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။
ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး ချင်းပြည်နယ်အစိုးရ ပူးပေါင်း တပ်ဖွဲ့ များက ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့နှင့် ဟားခါးမြို့နယ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ အထိုင်ချနေရာဖြစ်သည့် ရှေ့တန်းစခန်း ၇ ခုထက်မနည်းကို ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့တွင်း၌ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက်ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“အခုထန်တလန်မြို့ကို သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော် တို့ရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အား ရအောင် ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုစစ်ဆင်ရေးသည် ချင်းပြည်နယ်အစိုးရတပ်ဖွဲ့အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်သည့် CDF Htantalang ၊ CDF – Hakha ၊ CDF Matupi ၊ CNA စသည့်ချင်းတော်လှန် ရေးအဖွဲ့အစည်း ၁၅ ဖွဲ့ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထန်တလန်ရှိ စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်စခန်း ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်
ဟန်နွေ/People’s Spring
ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းကုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ယနေ့ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ အဓိက တပ်စခန်းကုန်းဖြစ်သည့် ခလရ(၂၆၉) တပ်စခန်းကို ယနေ့ (ဩဂုတ် ၅ရက်)တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများအပေါ် ဆလိုင်းထက်နီက မှန်ကန်ကြောင်း People’s Springသို့ အတည်ပြုဖြေကြားသည်။
စခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးဆောင်ရွက်မှု၊ လက်နက်ခဲယမ်းရရှိမှု၊ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် သုံ့ပမ်းများ ဖမ်းမိခြင်းရှိ၊မရှိ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ဇူလိုင်လကုန်ပိုင်းက ထန်တလန် – ဟားခါးမြို့နယ်ကြားရှိ အော်တိုတောင်ကုန်းစခန်းအပါအဝင် တပ်စခန်း ၆ခုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ဟားခါး – ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဇူလိုင် ၂၂ရက်မှ ၂၈ရက်အထိ တစ်ပတ်ကြာဆင်နွှဲခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့သည်။
(ထန်လတန်မြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုအား ချင်းပူးပေါင်းတပ်က ပြီးခဲ့သည့် ဇူလိုင်အတွင်းက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CIC)