မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ဆီဂိုဒေါင်၊ စခန်းရုံးနှင့် ရိက္ခာဂိုဒေါင် တို့လည်း မီးလောင်ပေါက်ကွဲဟုဆို
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက် ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၂၂ ဦးသေဆုံးပြီး ဆီဂိုဒေါင်၊ စခန်းရုံးနှင့် ရိက္ခာဂိုဒေါင် တို့လည်း မီးလောင်ပေါက်ကွဲခဲ့ကြောင်း Chindwin Rocket Brother -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက် ရော့ကတ်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း စစ်ဌာနချုပ်တိုင်းရုံးမှ အရာရှိ ၂ ဦး၊ အရာရှိ ဇနီး ၄ ဦး နှင့် စစ်သည် ၁၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အပြင်းအထန်ဒဏ်ရာရသော အရာရှိ ၄ ဦး ၊ စစ်သည် ၁၅ ဦး၊ ဗိုလ်မှူးများ၏ ကလေး ၂ ဦးကို ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ကုတင် ၃၀၀ တဆ(ခွဲ) ၄ တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ပြောဆိုချက်အရ သိရှိရသည်။
ဇွန်လ ၂၈ ရက်နေ့တွင် အဆိုပါ ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ အရာရှိ ၁ ဦး၊ ဗိုလ်မှူးကလေး ၁ ဦး နှင့် စစ်သည် ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများကို ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် နမခ စစ်သချိုင်းနှင့် အလုံမြို့ သရဏဂုံ သချိုင်းတွင် နာရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ခိုက်မှုအတွင်း နမခ စစ်တိုင်းရုံး အတွင်းရှိ ဆီဂိုဒေါင် ပေါက်ကွဲကာ တန့် ၂ လုံး ပျက်စီးခဲ့ပြီး စခန်းရုံးနှင့် ရိက္ခာဂိုဒေါင်တွဲမီးလောင်ကာ (RB=12/14) လိုင်းခန်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ အရာရှိရိပ်သာတွင် ရပ်ထားသော အိမ်စီးကား ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးသေစာရင်း ထပ်တိုးတာကတော့ အခုလောလောဆယ် တော့ အဲ့လောက်ပါပဲ။ ပြောချင်တာကတော့ ကျနော်တို့ကိုလည်းဝိုင်းဝန်းကူညီပေးဖို့ပြောချင်ပါတယ်”ဟု Chindwin Rocket Brother -CRB မှ တာဝန်ရှိသူကပြောဆိုသည်။
တော်လှန်ရေးတပ်၏ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်အတွင်း သေဆုံးမှုများနှင့်ပတ်သက်၍ မြေပြင်အခြေအနေကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သော ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes၊Chindwin Brothers တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းရန် နှင့် စစ်ရေးသတင်းပေးပို့သော အထက်ဗမာပြည်(Air Defense Force and Civil)အဖွဲ့ ကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း Chindwin Rocket Brother -CRB က ပြောဆိုသည်။