ရန်သူစစ်ကောင်စီဘက်က ငွေကြေးသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ KNDF ဒုစစ်ဦးချုပ် ပြော
==============
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်
Radio NUG
ရန်သူစစ်ကောင်စီဘက်က ငွေကြေးအင်အားသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဒုစစ်ဦးချုပ် မာဝီက သတိပေးပြောကြားလိုက်ပါတယ်။
ရန်သူတွေဟာ မိတ်ဆွေယောင်ဆောင်တတ်တဲ့အလေ့အကျင့်ရှိတာကြောင့် KNDF ဒုစစ်ဦးချုပ်က KNDF ရဲဘော်တွေနဲ့ အခြားသောတော်လှန်ရေးတပ်တွေက ရဲဘော်တွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့ တကယ့်စိတ်ရင်းနဲ့ ကူညီပေးနေသူတွေကြားမှာ ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ဘက်က ငွေကြေးအင်အားသုံးပြီး ဝတ်စုံဖိုးနဲ့ ထမင်းဖိုးထောက်ပံ့ကာ သတင်းထောက်လှန်နေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
အချို့ကလာလိမ့်မယ် ရှေ့တန်းဘယ်နေရာအတွက် ဟင်းလေးလှူချင်လို့ ထမင်းကျွေးချင်လို့ လူဦးရေ ဘယ်လောက်ရှိလဲ ဆိုပြီး မင်းတို့ငါတို့ကလည်း ရှေ့မှာ ထမင်းဟင်းမကောင်းတော့ ဝမ်းသာပြီး ဘယ်နေရာ ရှေ့တန်းမှာတော့ လူဘယ်လောက်ရှိ တယ် နွားတကောင်မှလောက်မှာ ဝက်တကောင်မှလောက်မှာဆိုပြီးလုပ် အဲ့မှာ သတင်းကပေါက်။ အချို့ဆို စားနေတဲ့ ဓာတ်ပုံ တောင် တောင်းလိမ့်မယ်လို့ KNDF ဒုစစ်ဦးချုပ်ရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ရန်သူဟာ သိန်းပေါင်းများစွာသုံးနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာ မမေ့ဖို့နဲ့ ကိုယ့်တပ်အခြေအနေတွေကို ထုတ်ဖော် ပြောဆိုတာမျိုးမလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
ကျနော်တို့အားလုံး ကိုယ့်ကိုကိုယ်တောင်မသိလိုက်ဘဲ ရန်သူသတင်းပေးမဖြစ်စေဖို့ ကျနော်တင်ပြတာတွေ လုပ်မိနေရင် ရပ်ပေးပါဆင်ခြင်ပေးဖို့ KNDF ဒုစစ်ဦးချုပ်က တောင်းဆိုထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးချုပ် မာဝီရဲ့ ရဲဘော်တို့ မဖြေနဲ့ သတိ မလုပ်နဲ့ သတိ သတင်းမပေးမိ စေနဲ့ သတိ ဆိုတဲ့ ရေးသားတင်ပြချက်ကို တော်လှန်ရေးတပ်ဖွဲ့အချို့နဲ့ တော်လှန်ရေးအင်အားစုတွေက ပြန်လည်မျှဝေနေကြ ပါတယ်။
