ဒဂုံမြို့သစ်(တောင်ပိုင်း) သုံးခွရပ်ကွက်ရှိ သုခဒဂုံအိမ်ရာ လူသတ်မှုကျူးလွန်သူတွေ ဖမ်းမိ တိုက်ခန်းကိစ္စတိုင်လို့ သတ်ရတာဖြစ်တယ်လို့ ထွက်ဆိုထား
(DBA) ဇွန် – ၂၆
ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သုံးခွရပ်ကွက်ရှိ သုခဒဂုံ အိမ်ရာ တိုက်(၄၄) အခန်းအမှတ်(၂၀၃)တွင် ညအချိန်လူသတ်မှု ကျူးလွန်ခဲ့သူ နှစ်ဦးကို (၁၂)နာရီ အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၂၁)ရက် နံနက် (၂)နာရီဝန်းကျင်က အခန်းအမှတ်(၂၀၃)နေ ဦးနေလင်းနဲ့ ဇနီး ဒေါ်နှင်းယု အောင်တို့နှစ်ဦး နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အနက်ရောင် မျက်နှာဖုံး ဝတ်ဆင်ထား သူ အမျိုးသားနှစ်ဦးမှ လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ပါတယ်။
ဦးနေလင်းက ရုန်းကန်ခဲ့ရာ အမျိုးသားတစ်ဦးက မီးဖိုခန်းအတွင်း ပြေးဝင်သွားပြီး ဓားတစ်ချောင်း ယူလာကာ ဦးနေလင်းနဲ့ ဒေါ်နှင်းယုအောင်တို့အား ဓားနဲ့အချက်ပေါင်းများစွာထိုးကာ ထွက်ပြေး သွားကြပါတယ်။
ဓားနဲ့ အထိုးခံရသူ ဦးနေလင်းတွင် ဝဲရင်အုံထိုးသွင်း ဒဏ်ရာ (၂၅)ချက်၊ လည်ပင်း ထိုးသွင်း ဒဏ်ရာ (၃)ချက် နံဘေးထိုးသွင်း ဒဏ်ရာ (၃)ချက်တို့ ရရှိကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါ တယ်။
ဒေါ်နှင်းယုအောင် မှာလည်း နံဘေးထိုးသွင်း ဒဏ်ရာ (၅)ချက်၊ လက်ဖျံထိုးသွင်း ဒဏ်ရာ (၃)ချက်၊ ခြေသလုံးထိုးသွင်း ဒဏ်ရာ (၃)ချက် ရရှိခဲ့ပြီး သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။
အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် အခန်းအမှတ် (၂၀၄) အခန်းပိုင်ရှင် ကျော်အောင် နဲ့အတူ အခန်းအမှတ်(၂၀၂)နေ မင်းဇော် (ခ) မင်းမင်း တို့ နှစ်ဦးအား တွေ့ရှိ စစ်ဆေးခဲ့ရာ မင်းဇော်(ခ)မင်းမင်း ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ ဦးနေလင်း ပိုင်ဆိုင်သည့် YGN-36/5D-XXXX TOYOTA VITZ ခဲရောင်မော်တော်ယာဉ် မှတ်တမ်းဓာတ်ပုံအား ကိုမြင့်သူ (ကလော) ထံသို့ ပေးပို့ကာ လိုင်စင်မဲ့ကားရောင်းရန်ရှိကြောင်း ပေးပို့ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရာမှ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးရာတွင် တရားခံကျော်အောင် ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုံးခွ ရပ်ကွက်၊ သုခဒဂုံအိမ်ရာ၊ တိုက်(၄၄)၊ အခန်းအမှတ်(၂၀၄) အား မဲပေါက် ရရှိထားပြီး အခန်းအား ကိုယ်တိုင်မနေဘဲ အခြားသူအား ငှားရမ်းထားသည်ကို ဦးနေလင်းမှ အိမ်ရာကော်မတီသို့တိုင်တန်း ခဲ့ပါတယ်။
အဆိုပါတိုင်တန်းမှုကြောင့် အိမ်ရာကော်မတီမှ တိုက်ခန်းအား ပြန်လည်သိမ်းယူမယ်လို့ သတိပေး ခံရတဲ့အတွက် ဦးနေလင်းအား အငြိုးထားကာ သတ်ဖြတ်ရန်ကြံစည်ပြီး သူငယ်ချင်း မင်းဇော် (ခ) မင်းမင်းနှင့် ဇွန်လ (၂၀)ရက်တွင် အခန်းအမှတ် (၂၀၄)၌ တွေ့ဆုံတိုင်ပင်ခဲ့တယ်လို့ ထွက်ဆိုထား ပါတယ်။
ဇွန်လ (၂၁)ရက် နံနက် (၂)နာရီအချိန်တွင် သူတို့နှစ်ဦး အနက်ရောင် မျက်နှာဖုံးများ ဝတ်ဆင်ပြီး ဦးနေလင်း အခန်းအတွင်းသို့ နောက်ဖေးပြတင်းပေါက်မှ ဝင်ရောက်ကာ မင်းဇော်(ခ)မင်းမင်းမှ အသင့်ယူဆောင်လာတဲ့ ဓားဦးချွန်အား မီးဖိုခန်းဘေစင်ပေါ်မှာ ထားခဲ့ပြီး အိပ်ခန်းအတွင်း ဝင်ရောက်ကာ ဦးနေလင်းနဲ့ ဒေါ်နှင်းယုအောင် ကို လည်ပင်းညှစ်သတ်ခဲ့ပါတယ်။
သူတို့လင်မယားမှ ရုန်းကန်ပြီး ပြန်လည်တိုက်ခိုက်လာတဲ့အတွက် မင်းဇော်(ခ)မင်းမင်းမှ မီးဖိုခန်း အတွင်း ထားခဲ့တဲ့ ဓားဦးချွန်အား သွားရောက်ယူဆောင်ပြီး ဒေါ်နှင်းယုအောင်နဲ့ ဦးနေလင်းတို့ ကို အချက် ၂၀ ခန့်ထိုးခဲ့သလို အဆိုပါဓားကို ကျော်အောင်မှယူကာ ဦးနေလင်းအား အချက် ၂၀ ခန့် ထပ်မံထိုးခဲ့ပြီးနောက် သူတို့လင်မယား ပိုင်ဆိုင်တဲ့ လက်ကိုင်ဖုန်း ၃ လုံး TABLET ၁ လုံးတို့ကို ယူဆောင်ပြီး မီးဖိုခန်းပြတင်းပေါက်မှ ပြန်လည်ထွက်ပြေးခဲ့ကြပြီး သူခိုးကအိမ်ရှင်ကို သတ်ဖြတ် တဲ့ပုံစံမျိုး လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
လူသတ်မှုကျူးလွန်ခဲ့သူ အသက်၅၀နှစ်အရွယ် မင်းဇော်(ခ)မင်းမင်း နဲ့ အသက်၅၃နှစ်အရွယ် ကျော်အောင် စစ်ဆေးခဲ့ရာ အခန်းအမှတ် (၂၀၄)အတွင်းမှ လက်ကိုင်ဖုန်း ၃ လုံး၊ TABLET ၁ လုံး အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ထိရောက်စွာ အရေးယူသွာမယ်လို့ သိရပါတယ်။