ICC တရားရုံးက တရားခံ မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းအမိန့် အချိန်မီ ထုတ် ပေးရန် ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုတိုက်တွန်း

by

in

ICC တရားရုံးက တရားခံ မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းအမိန့် အချိန်မီ ထုတ် ပေးရန် ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုတိုက်တွန်း
ရန်ကုန်၊ ဇွန် ၂၆

မြန်မာပြည်သူများကို အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ် ရန်စွယ်မှ ကာကွယ်ပေးနိုင်ရေး တရားခံ မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)က ဖမ်း ၀ရမ်းအမိန့် အချိန်မီ ထုတ်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုတိုက်တွန်းလိုက်သည်။
ယမန်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာ စုံညီအစည်းအဝေး၏ “ကာကွယ်မှုပေးရန်တာဝန်ရှိမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် (၂၀) ပြည့် အအထိမ်းအမှတ် အစည်းအဝေး (Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity) တွင် သံအမတ်ကြီးက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တရားခံ မင်းအောင်လှိုင်ကို ဖမ်းဆီး၍ နိုင်ငံတကာရာဇဝတ်ခုံရုံး၏ Pre-Trial Chamber I တွင် စစ်ဆေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့နေက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဝရမ်းလျှောက်ထားခဲ့သည့် အပေါ်် ကြိုဆိုလက်ခံပါကြောင်း၊ Chamber အနေဖြင့် နိုင်ငံ တကာရာဇဝတ်ခုံရုံး၏ ဖမ်းဝရမ်းမိန့်ကိုလည်း အချိန်မီထုတ်ပေးရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ ပြည်သူများ၏ အသက်အိုးအိမ်နှင့် စစ်တပ်၏ ရာဇဝတ်မှုရန်စွယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများမြောက်သည့် အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများ၏ ဒဏ်ကို အရပ်သားပြည်သူများက ခါးစည်းခံနေရသည်ဟု အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း ဖော်ပြထားကြောင်း၊ စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ဖျက် ဆီးထားသည့်အပြင် အကြမ်းဖက်မှု များနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို စနစ်တကျ ဆက်လက် ကျူးလွန်နေခြင်းကိုကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူ့အသက်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား အရေးမစိုက်ကြောင်းကို မျက် နှာ ပြောင်စွာ ပြသနေကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ အသိပေးသည်။
စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေပြီး စစ်မက်ပြုခြင်းကိုလည်း နေ့စဉ်နှင့်အမျှ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသူများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရသည့် ပြည်သူဦးရေ ၆,၈၀၀ ကျော်ရှိသည်ဟု အတည်ပြုထားနိုင်ပြီး ကိန်းဂဏန်းအမှန်မှာ ထို့ထက် ပိုမို မြင့်မားနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် လူသားစာနာမှုအခြေအနေမှာ ဆိုးရွားလျက်ရှိကြောင်း၊ ၃ ဒသမ ၅ သန်းကျော် မှာ နေရပ်စွန့်ခွာနေရပြီး သန်း ၂၀ ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ယင်းအနက် ၁၀ ဒသမ ၄ သန်းမှာ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များဖြစ်ကြပြီး ၆ ဒသမ ၃ သန်းများ ကလေးသူငယ်များဖြစ်ကြကြောင်း၊ ထို့နည်းတူ မသန်စွမ်းသူ များနှင့် အခြားသော ဖယ်ကျဉ်ခံထားရသည့် အုပ်စုများအနေဖြင့်လည်း အလားတူ အခြေအနေ များအောက်၌ ထိခိုက်လွယ်လျက်ရှိကြောင်း၊ ရိုဟင်ဂျာများအနေဖြင့်လည်း နေရပ်သို့ ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန်လည်သွားရောက်ရေးအတွက်လည်း မရေရာမှုများ နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် R2P စည်းမျဉ်းအရ ပြည်သူလူထုကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းမှ ကာကွယ်ပေးရန် နိုင်ငံများတွင် တာဝန်ရှိ သည်ဟု အလေးထားဖော်ပြထားကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ်ပါက ယင်းကိုယ် တိုင်က အဆိုပါ ပြစ်မှု များ ကျူးလွန်သူဖြစ်လျှင် နိုင်ငံတကာအသိုက်အဝန်းက စုပေါင်း အရေး ယူဆောင်ရွက်ရန် တာဝန် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ကြေကွဲဖွယ်ကောင်းသည် ဥပမာတစ်ခုပင် ဖြစ်နေကြောင်း သံအမတ်ကြီးက ဆိုသည်။
စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချကာ လူမဆန်သည့် လုပ်ရပ်များကို ဆတိုးကျူးလွန်နေပြီး ပြည်တွင်းဥပဒေများနှင့် R2P ၏ စည်းမျဉ်း အနှစ်သာရ အပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါ ချိုးဖောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားတို့က ၎င်းတို့လက်ဝယ်တွင် စစ်အုပ်စု မှ စနစ်တကျ ကျူးလွန်ထားသည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ အထောက်အထား အလုံအလောက်ရှိသည်ဟု အသိပေးထားကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ ရာဇဝတ်သားများကို တရား ဥပဒေအရ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သံအမတ်ကြီးက တိုက်တွန်းပြောဆိုသွားသည်။
နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း တုံ့ဆိုင်းမနေဘဲ ညီညွတ်သော၊ ပူး ပေါင်းဆောင်ရွက်မှုရှိသော ချဉ်းကပ်မှုဖြင့် စုပေါင်း အရေးယူဆောင်ရွက်ချက် များ ချမှတ်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ကောင် စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို အခြေခံ ကာ အရေးယူဆောင်ရွက်ချက်ကို ဗဟိုပြု၍ စောင့်ကြည့်လေ့လာမှုနှင့် အစီရင်ခံမှု ယန္တရားတို့ ပါဝင်သော ဆုံးဖြတ်ချက်အား ထပ်မံချမှတ်ရန် အထူးလိုအပ်ကြောင်း၊ စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေမှုအား ချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များလည်း ရှိထားပြီးဖြစ်သောကြောင့် တိကျပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်မံတိုက်တွန်းသည်။