တပ်မတော်(လေ) အမှတ်တံဆိပ်ဖြင့် Y-8 လေယာဉ်သစ် ၂ စီးကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်တွင် ရှာဖွေတွေ့ရှိရပြီး စစ်ကောင်စီအတွက် မကြာမီအသုံးပြုတော့မည်ဟု Myanmar Witness ပြော

by

in

တပ်မတော်(လေ) အမှတ်တံဆိပ်ဖြင့် Y-8 လေယာဉ်သစ် ၂ စီးကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်တွင် ရှာဖွေတွေ့ရှိရပြီး စစ်ကောင်စီအတွက် မကြာမီအသုံးပြုတော့မည်ဟု Myanmar Witness ပြော
ရန်ကုန်၊ ဇွန် ၂၃

အကြမ်းဖက်စစ်ကောင်စီတပ်မတော်(လေ) အမှတ်တံဆိပ်ဖြင့် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်သစ် ၂ စီးကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်တွင် ရှာဖွေတွေ့ရှိရပြီး စစ်ကောင်စီအတွက် မကြာမီအသုံးပြုတော့မည်ဟုယူဆရကြောင်း Myanmar Witnessက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
Myanmar Witness သည် Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်းဖြစ်သည့် အမြီးနံပါတ် 5923 နှင့် 5924 ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ နေရာတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လေယာဉ် ၂ စင်းသည် အသစ်ဖြစ်ပြီး MAF နာမည် တပ်မတော် (လေ) ဟု ရေးသားထားပြီး ယခင်ကမရှိဖူးသော အမြီးနံပါတ်များဖြစ်ကြောင်း၊ မကြာသေးမီက မိတ်ဆက်ခဲ့သော Y-8F-200W အမြီးနံပါတ် 5922 ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခဲ့ပြီး အသစ်တွေ့ရှိရသော Y-8 လေယာဉ် ၂ စီး၏ အမြီးနံပါတ်များမှာ 5923 နှင့် 5924 ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်(လေ)က စစ်ဘက်လေယာဉ်များနှင့်ပတ်သက်၍ ဝန်ဆောင်နိုင်စွမ်းနှင့် ဘက်စုံအသုံးပြုနိုင်မှုအတွက် အထူးအလေးသာသော Y-8 လေယာဉ်များကို ဆက်လက်တိုးချဲ့အသုံးပြုလျှက်ရှိကြောင်း၊အဆိုပါ Y-8 နောက်ထပ်လေယာဉ်များ ရောက်ရှိလာခြင်းသည် စစ်ကောင်စီလေတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် လည်ပတ်နိုင်မှုစွမ်းရည်ကို တိုးပွားစေရန်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီထံတွင် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ် အနည်းဆုံး ၇ စီးခန့်ရှိကြောင်း နိုင်ငံတကာ စစ်ရေးစောင့်ကြည့်ရေးလေ့လာရေးအဖွဲ့တချို့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။