ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ကမကထပြု လှူဒါန်းသည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ၊ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး သေဆုံး
ဇွန် ၂၃၊ ၂၀၂၅
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့သလို ဆေးရုံရဲ့ အဆောက်အဦး ၃လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မေတ္တာနန္ဒဆေးရုံဟာ ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ကမကထပြု တည်ဆောက်လှူဒါန်းခဲ့တဲ့ ဆေးရုံဖြစ်ပြီး စဥ့်ကူး-မတ္တရာတကျောက ပြည်သူတွေ ကျန်းမာရေးအတွက် အားထားရတဲ့ ဆေးရုံဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆေးရုံကို စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၂၂ရက် ည ၁၁ နာရီ ဝန်းကျင်အချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲ ကျေးရွာကနေ ဆေးရုံမှာ လာရောက်မီးဖွားတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီး သေဆုံးခဲ့ပြီး ၃၅နှစ်အရွယ် အမျိုးသမီးတစ်ယောက်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ဆေးရုံမှာရှိနေတဲ့ ပြည်သူ ၁၁ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲက မရှိဘူး။ ပြောရရင် မတ္တရာနဲ့ စဥ့်ကူးအစပ်မှာရှိတဲ့ ဆေးရုံဆိုတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ ရှိတယ်။ ပြောရရင် ပြည်သူတွေကို သေစေချင်လို့ တမင်ကြဲသွားတာပဲ” လို့ ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်မှာ ပြင်းဒဏ်ထန်ရာရှိတဲ့ အမျိုးသမီးဟာ အသက်အန္တရာယ် စိုးရိမ်ရသလို သားဖွားမီးရပ်ဆောင် အပါအဝင် အဆောက်အဦး ၃လုံး ထိခိုက်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။