လားရှိုးမြို့အတွင်း စစ်ကောင်စီ အင်အား ၁၂၀၀ ကျော်ဝင်ရောက်၊ ဖမ်းဆီးထားသည့်စစ်သုံ့ပန်းများ ပြန်ပေးရန် ညှိနှိုင်းထား

by

in

လားရှိုးမြို့အတွင်း စစ်ကောင်စီ အင်အား ၁၂၀၀ ကျော်ဝင်ရောက်၊ ဖမ်းဆီးထားသည့်စစ်သုံ့ပန်းများ ပြန်ပေးရန် ညှိနှိုင်းထား
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့ ညှိနှိုင်း၍ လားရှိုးမြို့ကို စစ်ကောင်စီအုပ်ချုပ်ခွင့် ရယူပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂၀၀ ကျော် မြို့အတွင်းဝင်လာကြောင်း သိရသည်။
ထို့သို့ အင်အားအလုံးအရင်းဖြင့် လားရှိုးသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇ ) မှ တပ်ရင်းများဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။
“စစ်အင်အားတွေ အပြည့်ဖြည့်နေပေမယ့်လည်း (စစ်ကောင်စီ) စိုးမိုးနယ်မြေက မြို့ပေါ် ၁၂ ရပ်ကွက်ကျော်ကို ကွက်ကိုပဲ အုပ်ချုပ်ခွင့်ရထားပြီးတော့ ကျန်တဲ့ ကျေးရွာ ၇၀ ကျော်ကို မဟာမိတ်အဖွဲ့တွေက ထိန်းချုပ်ထားတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ထို့အပြင် လားရှိုးကို MNDAA ဆုတ်ခွာသွားစဉ်က စစ်ကောင်စီစစ်သုံ့ပန်းများကိုပါ ခေါ်ဆောင်သွား သည့် အတွက် စစ်သုံ့ပန်းထဲမှအချို့ကို စစ်ကောင်စီကပြန်လည်လွှဲယူရန် စီစဥ်နေကြောင်း သိရသည်။
စီစဉ်ညှိနှိုင်းမှုအပြီးတွင် ဒုတပ်ရင်းမှူးအဆင့် ဗိုလ်မှူးများပါ လဲလှယ်မှုတွင်ပါဝင်ကြောင်း သိရှိရပြီး ထိုသို့လဲလှယ်ခေါ်ဆောင်သွားသည့် စစ်သုံ့ပန်းများကို လက်ရှိတွင် တိုင်းစစ်ဌာနချုပ်၌ စစ်ဆေးနေ ကြောင်း သိရသည်။
MNDAA နှင့် စစ်ကောင်စီ ၏ ရမခ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများသည် စကခ-၁၇ မှ အင်အား ၁၂၀၀ ရှိ စစ်ကြောင်းဝင်ရောက်ရန်အတွက် ညှိနှိုင်းမှုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းမှူးနှင့် ကိုယ်ရေးအရာရှိနှစ်ဦးသာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကိုးကန့်တပ် ဘက်မှလည်း အရေးပါသည့် ခေါင်းဆောင်နှစ်ဦးသာ တက်ရောက်၍ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့သို့ လားရှိုးမြို့အတွင်း ဝင်ရောက်လာသည့်စစ်ကြောင်းမှာ မန်ကပ်အခြေစိုက် တတက ၈ တမာ‌တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စုဖွဲ့ရောက်ရှိနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက လားရှိုးကို နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ပြုလုပ်ရန် ညှိနှိုင်းမှုအချို့ ပြုလုပ်ခဲ့ကာ စစ်ယာဉ်တန်းများပါ လားရှိုးမြို့အတွင်း ထပ်မံဝင် ရောက်မှုရှိနေပြီး ရမခအနီးရှိ အမြောက်တပ် ထောက်ပို့တပ်များ အတွင်းသို့ ဝင်ရောက်တပ်စွဲမှုများရှိသည်။
ပုံစာ-လားရှိုးတိုက်ပွဲများအတွင်း MNDAA ထံ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်မှ သုံ့ပန်းများ(ပုံဟောင်း)