အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးက တူအရင်းကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းစဉ် စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းပြန်လာပို့
ရန်ကုန်၊ ဇွန် ၂၁
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးက တူအရင်းဖြစ်သူကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းစဉ် စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးသွားခဲ့ပြီး စစ်တပ်က အလောင်းပြန်လာပို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ် အုပ်ချုပ်ရေးမှူး ဦးစိုးက ၎င်း၏ ညီအရင်းဖြစ်သူ ဦး ညွန့်ရွှေ၏ သားဖြစ်သူကို တစ်ချိန်လုံး အရက်သောက်နေသည်ဟုဆိုကာ စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းလိုက်ကြောင်း၊ ဇွန်လ ၁၄ ရက်နေ့ စစ်မှုထမ်းအပတ်စဉ် ၁၄ တက်ရန် စစ်တပ်က အုပ်ချုပ်ရေးမှူး ဦးစိုး၏ တူဖြစ်သူကို လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုး၏ တူဖြစ်သူ အလောင်းကို စစ်တပ်က ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပြီး တစ်ကိုယ်လုံးတွင်ဒဏ်ရာများ ပြည့်နှက်နေကြောင်း သိရှိရသည်။
“စည်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ငစိုးက သူ့တူအရင်း အရက်ကြောင်နေတဲ့ကောင်ကို စစ်မှုထမ်းဖို့ဆိုပြီး အပတ် စဉ် ၁၄ မှာ ထည့်တာ။ အုပ်ကြီး ငစိုးရဲ့ ညီဖြစ်တဲ့ ညွှန့်ရွှေရဲ့သား သူ့တူအရင်းကို စစ်မှုထမ်း ပြန်ထည့်တာနော်။ အဲဒါ ဇွန်လ ၁၆ ရက်နေ့ မှာ စစ်ကားနဲ့ အလောင်းလာပို့တယ်။ စစ်တပ်ကတော့ အရက်အဆီကို ရေမရောဘဲ မှားသောက်မိလို့သေတာလို့ ပြောတယ်။ ဒါပေမယ့် အလောင်းမှာ ဖူးရောင်ညိုမည်းဒဏ်ရာတွေ အပြည့်ပဲ။ ၀ိုင်းရိုက်လို့ သေသွားတာပါ။ နောက်မှ စစ်သားတစ်ဦးပြောတာက အရက်ကြောင်ပြီး ပေါက်ကရတွေ ပြောလို့ တပ်က စစ်သားတွေက ၀ိုင်းထိုးကြရင်း လက်လွန်သေသွားတာ” ဟု စည်ပင်ကျေးရွာအုပ်စုမှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
စစ်တပ်က စစ်မှုထမ်းခိုင်းရန် ခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြာတွင် အလောင်းပြန်လာပို့ခြင်းဖြစ်သော် လည်း ကျန်ရစ်သူမိသားစုမှာ တိုင်ကြားမှုများ မလုပ်ရဲကြောင်း၊ စစ်တပ်က ပြောသည့်အတိုင်း အရက်ဆီသောက် ၍ သေဆုံးသည်ဟုသာ လက်ခံ၍ သေဆုံးသူကို သဂြိုလ်လိုက်ရကြောင်း သိရှိရသည်။
အင်္ဂပူမြို့နယ်တွင် AA နှင့် PDF တပ်များ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များအဖြစ် လူငယ်များကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများကို အကြီးအကျယ်လုပ်ဆောင်နေသော မြို့နယ်တစ်ခုဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ- ဇွန်လ ၁၆ ရက်နေ့ ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်းအပတ်စဉ် ၁၄ တွင် စစ်သားအဖြစ် စုဆောင်းခံရသော လူငယ်များ။
ကြံ့ခင်းမြို့နယ်တွင် ဗိုလ်မှူး သောင်းထွဋ်လွင်က ကံရွာမှ ဒေါ်ခင်မြ မိသားစုကို ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၃၀ ခြိမ်းခြောက်တောင်း၊ စစ်တပ်က လူဖမ်း၍ ခြိမ်းခြောက်ငွေတောင်းမှုများ အကြီး အကျယ်လုပ်နေ
ရန်ကုန်၊ ဇွန် ၂၁
ဧရာ၀တီတိုင်း၊ ကြံ့ခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင်က ပြည်သူများကို ရိုက်နှက် ဖမ်းဆီး ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဖမ်းဆီးငွေညှစ်ခံရသော ပြည်သူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ နံနက် ၁ နာရီအချိန် ကြံခင်းမြို့နယ်၊ ကြို့ပင်စုအုပ်စု၊ကံရွာကျေးရွာနေ ဒေါ်ခင်မြနေအိမ်သို့ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး သောင်းထွဋ်လွင် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဒေါ်ခင်မြ အပါအဝင် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် မိသားစုဝင် ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် ခြိမ်းခြောက် တောင်းယူ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
“မနက်အစောကြီး ကားနဲ့ ဝင်လာပြီး ဧည့်စာရင်းစစ်မယ်၊ ချဲထီလောင်းကစားလုပ်တယ်ဆိုပြီး ဒေါ်ခင်မြနဲ့ သူ့အိမ်သား ၂ ဦးကို ပါးရိုက်၊ နားရင်းအုပ်ပြီး ကားပေါ်ဆွဲတင်တယ်။ ပြီးတော့ ကြံခင်းထွေ/အုပ်ရုံးကို ခေါ်သွားပြီး ထိပ်တုံးခတ်ထားတယ်။ နောက်ပြီး ပြန်လွတ်ချင်ရင် မိသားစုဝင် ၁ ဦးကို သိန်း ၃၀ နှုန်းနဲ့ ခြိမ်းခြောက်တောင်းတယ်။ နောက်ဆုံး သိန်း ၉၀ နဲ့ ဒေါ်ခင်မြနဲ့ မိသားစုဝင်တွေ ပြန်လွတ်သွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူပင် ကြံခင်းမြို့နယ်အတွင်း ဗိုလ်မှူးသောင်းထွဋ်လွင်က ဦးဆောင်၍ ပျူစောထီးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ယင်းအဖွဲ့များကလည်း နယ်မြေလုံခြုံရေးအကြောင်းပြခြင်း၊ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲခြင်း၊ ငွေဖြင့် ရွေးယူခိုင်းပြီး ပြန်လွှတ်ပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“လွန်ခဲ့တဲ့လကလည်း ပရိဘောဂလုပ်တဲ့ အိမ်တစ်အိမ်ကို ဗိုလ်မှူးသောင်းထွဋ်လွင်နဲ့ စစ်သားတွေရောက်လာတယ်။ အိမ်မှာပရိဘောဂလုပ်တဲ့သစ်အတိုအစလေးတွေကို ကားပေါ်တင်ပြီး တရားမဝင် သစ်တွေ သုံးတယ်ဘာညာဆိုပြီး အဲဒီမှာရှိတဲ့သူတွေကို ထိုးကြိတ် ကားပေါ်တင်ပြီးကြံခင်းထွေအုပ်ရုံးမှာ ထိတ်တုံးခတ်တယ်။ အဲဒါ ငွေကျပ် သိန်း ရာချီပေးမှ ၅ ရက်အကြာမှာ အဲဒီပရိဘောဂအိမ်က လူတွေကို ပြန်လွှတ်ပေးတယ်။ အဲဒီဗိုလ်မှူးသောင်းထွဋ်လွင်က အဲဒီလိုမျိုးတွေ ကျူးလွန်နေတာ။ အဲဒီလို အမှုတွေအများကြီးပဲ လုပ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ဗိုလ်မှူးသောင်းထွဋ်လွင် လက်အောက်ရှိ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များကလည်း ပြည်သူများနှင့်လူငယ်များကို ဖမ်းဆီးပြီး စိတ်ကြိုက် ငွေတောင်းကြောင်း၊ ငွေမပေးနိုင်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ချခြင်း၊ PDF နှင့်ပတ်သက်သည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်ခြင်းများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
“ခေတ်ကပျက် အလုပ်တွေကလည်းမကောင်းတဲ့အချိန် သူတို့တောင်းသလောက် မပေးရင် အကြမ်းဖက် ဥပဒေနဲ့ စွဲချက်တင် အမှုဖွင့်ခံရမယ်။ သူတို့တွေက လုံခြုံရေးကင်းလှည့်ဆိုပြီး ရွာထဲကအေးအေးချမ်းချမ်းနေတဲ့၊ ငွေရှိတဲ့အိမ်ထဲအတင်းဝင်ဆွဲနေတာပဲ။ ကြံခင်းတစ်မြို့နယ်လုံးလည်း ငွေညှစ်ခံနေရတာ။ သူတို့ ရွာထဲဝင်လာရင်ပြေးနေရတယ်ဗျာ” ဟု ပိုးစုကြီးကျေးရွာသားတစ်ဦးက ရှင်းလင်းပြောဆိုသည်။
ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၏ ယင်းကဲ့သို့ ပြည်သူများအပေါ် ဖမ်းဆီးခြိမ်းခြောက် ငွေတောင်းနေသော ဥပဒေမဲ့ ပြုကျင့်မှုများကို တိုင်ကြားလိုသော်လည်း ၎င်း၏ ရန်ကို ကြောက်ရွံ့၍ ဒေသပြည်သူများမှာ မတိုင်ကြားရဲကြကြောင်း သိရှိရသည်။