ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏တပည့်များ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရသည့်အပြင် တပ်ပြေးများပြားမှုကြောင့် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးတိုးရေး အဟန့်အတားဖြစ်နေ

by

in

ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏တပည့်များ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရသည့်အပြင် တပ်ပြေးများပြားမှုကြောင့် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးတိုးရေး အဟန့်အတားဖြစ်နေ
ရန်ကုန်၊ ဇွန် ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏ ကိုယ်ရေးအရာရှိ ဗိုလ် ကြီး ၁ ဦး နှင့် တပည့် ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်တို့မှာ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးလည်းဖြစ်၊ ပြင်ဦးလွင်တပ်နယ်မှူးလည်းဖြစ်သူ ဗိုလ်ချုပ် စိုးမြတ်ထွဋ်၏ တပည့် ၁ ဦးဖြစ်သော ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်မှာ ပြင်ဦးလွင်တပ်နယ် လုံခြုံရေးအတွက် တပ်ဂိတ်များတွင် တာ ဝန်ချထားစဉ် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြောင်း တိုင်ကြားမှုများကြောင့် စစ်ကောင်စီက ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်ကို ပြန်လည် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ပြင်ဦးလွင် စစ်တက္ကသိုလ်က ဒုတိယ ဗိုလ်မှူးကြီးသန်းလှိုင်မြင့်က တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်တယ်။ အဲဒါ ကျူးလွန်ကြောင်း ထင်ရှားတော့ အချုပ်ထဲရောက်ကုန်တယ်။ ဖမ်းဆီးခံထားရတဲ့ ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်က အပတ်စဉ် ၄၅ ကပါ” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် စိုးမြတ်ထွဋ်၏ ကိုယ်ရေးအရာရှိ တစ်ဦးဖြစ်သော ဗိုလ်ကြီးရဲထွဋ်မှာလည်း လူမှုရေးဖောက်ပြန်မှုများကြောင့် အတိုင်ကြားခံရပြီး ဖမ်းဆီးချုပ်နှောင် အမှုရင်ဆိုင်နေရကြောင်း သိရှိရသည်။
” သူ့ ကိုယ်ရေးအရာရှိ (ဗိုလ်ကြီးရဲထွဋ်)က မိန်းမကိစ္စရှုပ်လို့ အတိုင်ခံထားရလို့ အချုပ်ထဲရောက်နေတယ်။ သူ့တပည့်တွေနဲ့ သူ့ပတ်ဝန်းကျင်က အရာရှိတွေအကုန် မဟုတ်တာ အကုန်လုပ်ကြလို့ အချုပ်ထဲရောက်တဲ့သူရောက်အတိုင်ခံရသူနဲ့ အဖမ်းခံရတဲ့သူနဲ့ ဖြစ်နေတာ။ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးကနေ တိုင်းမှူး အဖြစ် အပြောင်းထွက်ရမှာကို မထွက်နိုင်ဖြစ်ပြီးသောင်တင်နေတာ။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ရာထူးမှာ သက်တော်ရှည်ဘိုးဘိုးဖြစ်နေပြီး။ ဒါတောင် သူ့လက်အောက်မှာဖြစ်နေတဲ့ အရှုပ်ထုပ်တွေအကုန် အထက်ကို မတင်ပြရဲဘဲ ဖုံးဖိထားကြလို့” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် စာသင်ကြားနေသော ကျောင်းဆရာ စစ်အရာရှိကြီးတချို့ ထွက်ပြေး တိမ်း ရှောင်မှုများလည်း ကြုံတွေ့နေရသဖြင့် ယင်းသို့ တပ်ပြေးများပြားမှုအတွက် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ်က ထုချေလွှာများ တင်သွင်းနေရကြောင်း သိရှိရသည်။
လက်ရှိ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ်မှာ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်းအောင်လှိုင် စစ်အာဏာသိမ်းချိန်က NLD အစိုးရအဖွဲ့ဝင်များကို ဖမ်း ဆီးရန်မင်းအောင်လှိုင်၏ အဓိက တာဝန်ပေးခံခဲ့ရသည့် တပ်မ ၇၇ ၏ တပ်မမှူး အဖြစ် ရှိနေခဲ့ပြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ၎င်းကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်၏ လူယုံတစ်ဦးအဖြစ် NLD အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် အဓိက ပါဝင်ခဲ့သော်လည်း စိုးမြတ်ထွဋ်မှာ တပ်မ ၇၇ တပ်မမှူး ရာထူးမှ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်သို့လည်း ကောင်း၊ ယင်းနောက် စစ် တက္ကသိုလ်(DSA) ကျောင်းအုပ်ကြီးရာထူးသို့လည်းကောင်း ရာထူးတိုးမြှင့် ပြောင်းရွှေ့ခဲ့သည်။
သို့ရာတွင် လတ်တလော တပည့်ဖြစ်သူများ၏ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရမှုအပြင် တပ်ပြေးများပြားမှုအပေါ် အကိုင်အတွယ် ညံ့ဖျင်းမှုတို့ကြောင့် ဗိုလ်ချုပ် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးသို့ အပြောင်းအရွှေ့အတွက် အဟန့်အတားဖြစ်နေရသည်ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- သက်တော်ရှည် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ်။