စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက်အငယ်ဆုံး ၄ နှစ်မှ အသက်အကြီး ဆုံး ၈၄ နှစ် အထိ ပြည်သူများ ပါဝင်ဟု ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းပြော
ရန်ကုန်၊ ဇွန် ၂၀
အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရသူများတွင် အသက် အငယ် ဆုံး ၄ နှစ်မှ အကြီးဆုံး ၈၄ နှစ်အထိ ပြည်သူများ ပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ် သည့် ၁၁ ကြိမ်မြောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် အစီအစဉ်တွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုနှင့် ၎င်းတို့နှင့်ဆက်စပ်၊ ပတ်သက်၊ ယှက်နွယ်နေသူများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှု များနှင့် အခြားသော ထိတ်လန့်ဖွယ်ကောင်းသည့် အကြမ်းဖက်မှုများကို စနစ်တကျ ကျူးလွန် လျက် ရှိပြီး နစ်နာရသည့် သားကောင်းများမှာ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ အမျိုးသားများနှင့် ယောက်ျားလေးငယ်များသာမက LGBTIQ များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဒီမိုကရေစီ ထောက်ခံသူများလည်း ပါဝင်ကြောင်း၊ စစ်အုပ်စု၏ သားကောင်းများတွင် အသက်အရွယ် အငယ်ဆုံး ၄ နှစ်မှ အသက်အကြီးဆုံး ၈၄ နှစ် အထိ ပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများမှာ အလွန်အမင်း ဆိုးရွားလာလျက်ရှိသောကြောင့် ယနေ့ ဆွေးနွေးသည့် အ ကြောင်းအရာသည် မြန်မာနိုင်ငံနှင့် အထူးကိုက်ညီမှုရှိပါကြောင်း၊ စစ်အုပ်စု သည် လွန်ခဲ့သော ၄ နှစ် ကျော်ကာလအတွင်း၌ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဥပဒေ၊ နိုင်ငံတကာလူ့ အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပြီး ပြည်တွင်း တရားဥပဒေစိုးမိုးရေးကို လည်းလုံးဝ ပျက်သုဉ်းစေခဲ့ကြောင်းကြောင်း ထောက်ပြထားသည်။
စစ်အုပ်စုက ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အတင်းအကျပ် ဖော်ချွတ်ရန် ခိုင်းစေခြင်း၊ လိင်ပိုင်း ဆိုင်ရာ ပျက်ရယ်လှောင်ပြောင်မှုပြုခြင်း၊ ထိန်းသိမ်းဖမ်းဆီးထားစဉ် ညှဉ်းပန်းနှိပ်စက်ခြင်း စသည့် ပုံစံ အမျိုးမျိုးကို ကျင့်သုံးကြောင်း၊ ထိုမျှမက ရာဇဝတ်ကောင်များအနေဖြင့် အဓမ္မပြုကျင့်ခြင်းနှင့် အုပ်စု လိုက် အဓမ္မပြုကျင့်ခြင်းတို့ကို စစ်နည်းဗျူဟာ၊ စစ်လက်နက်အဖြစ် အစဉ်တစိုက် အသုံးချ လာလျက် ရှိကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် အသက်ရှင်သန်နေသည့် သားကောင်များ သာမက ၎င်းတို့ ၏ မိသားစုဝင်များ၊ မိတ်ဆွေများလည်း ပါဝင်ကြသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
စစ်တပ်မှ ကျူးလွန်သည့် အကြမ်းဖက်မှုများသည် ရပ်တန့်နေခြင်း မရှိပဲ တရားလက်လွတ် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်းနှင့် လေကြောင်းမှ ဗုံးကျဲ တိုက် ခိုက်ခြင်းများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း၊ ထို့သို့လုပ်ဆောင်မှုကြောင့် လူနေအိမ်များ၊ ကျေးရွာများ၊ အရပ်သားများနှင့် အရပ် သားအဆောက်အအုံများပျက်စီးပြီး နိုင်ငံတစ်နံ တစ်လျားရှိ ပြည်သူများမှာ ကြီးမားသည့် ဒုက္ခဆင်းရဲ ခံစားနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းရန် ပြတ်သားစွာ ဆုံး ဖြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်၊ မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်မှ နှစ်ပေါင်းရှည်ကြာ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အား အပြီးတိုင် ချုပ်ငြိမ်း နိုင်မှသာလျှင် ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။