ဖားကန့်တွင် စစ်ကောင်စီနှင့် KIA ပူပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ အရာရှိတချို့ အပါအဝင် သေဆုံးမှုများပြား

by

in

ဖားကန့်တွင် စစ်ကောင်စီနှင့် KIA ပူပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ အရာရှိတချို့ အပါအဝင် သေဆုံးမှုများပြား
ရန်ကုန်၊ ဇွန် ၁၇
ကချင်ပြည်နယ် ဖားကန့်မြို့ အကြမ်းဖက်စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိတချို့ အပါအဝင် သေဆုံးမှုများပြားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၁၇ ရက်နေ့ ဖားကန့်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားနေပြီး မှော်ဆီဇာဘုရားကုန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု များပြားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီမနက် မှော်ဆီဇာ ဘုရားကုန်းက စစ်ကောင်စီတွေကို KIA နဲ့ PDF တွေက သွားရောက် တိုက်ခိုက်တဲ့အချိန်မှာ သူတို့ဘက်က အထိအခိုက်အသေအဆုံးများတယ်။ သူတို့ဘက်က အကောင်ကြီးကြီးတစ်ကောင်လည်း သေတယ်လို့ သတင်းကြားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ဖားကန့် မှော်ဝမ်းလေးရွာ ဘုရားကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်နေကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းမှာ မှော်ဝမ်းလေး ကျေးရွာသို့ မကြာသေးခင်ကမှ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ၊ လတ်တလော မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးရှိ ပြည်သူများ စစ်ဘေးရှောင်ပြေးနေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“လောလောဆယ်တော့ ဖားကန့်မှာ ၂ နေရာတိုက်ပွဲ ပြင်းထန်တယ်။ ဒီ မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင် တပ်မဟာ အဲဒီစစ်ကြောင်းက ဖားကန့်ရောက်လာကတည်းက တပ်မဟာမှူး ဗိုလ်မှူးချုပ် ဇော်လတ်ဦးဆောင်တဲ့ စစ်ကြောင်းရောက်လာကတည်းကနေ အဲဒီစစ်ကြောင်းက ဖားကန့်ပြည်သူ အယောက် ၃၀ ကျော်ကို နှိပ်စက်သတ်ဖြတ်ထားပြီ။ လောလောဆယ် ဖားကန့်ပြည်သူတွေက အဲဒီစစ်ကြောင်းရောက်လာတဲ့အတွက် စိုးရိမ်ထိတ် လန့်နေရတယ်။ အဲဒီစစ်ကြောင်း ရောက်လာကတည်းကနေ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီတွေ မီးရှို့တယ်၊ ပြည်သူကို သတ်ဖြတ်တယ်။ အကြမ်းဖက်မှုတွေ နေ့တိုင်း လုပ်ဆောင်နေတယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာမှ စစ်ကြောင်းက ဖားကန့်မြို့သို့ မေလ နှောင်းပိုင်းကတည်းက စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုအခါ ရက် ၂၀ နီးပါး ရှိနေပြီဖြစ်ကာ နေ့တိုင်းနီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဓာတ်ပုံ- မေလနှောင်းပိုင်း ဖားကန့်မြို့သို့ ဝင်လာခဲ့သည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း။