စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် အသက်ပြည့်ပြီး အမျိုးသမီးတွေကို ဆင့်ခေါ်စာရောက်နေ
ဇွန် ၁၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူ အမျိုးသမီးတွေကို ဇွန်လ ၁၄ ရက်နေ့ကစ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေပြီး တချို့ကို ရပ်ကွက်ရုံးကို လာဖို့လည်း ဆင့်ခေါ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရပါတယ်။
အမျိုးသမီးတွေကို စစ်မှုထမ်း အပတ်စဥ် ၁၅ က စတင်ကာ စစ်မှုထမ်းခိုင်းဖို့ အခုလို စာရင်းကောက်နေတာ ဖြစ်နိုင်တယ်လို့ သိရပြီး ဇွန်လကုန်ပိုင်းမှာ ရပ်ကွက်ရုံးတွေကို လာရောက်ဖို့ကိုလည်း ဆင့်ခေါ်စာတွေနဲ့ ခေါ်နေတာလို့ သိရပါတယ်။
“အမျိုးသားတွေပြီးတော့ အမျိုးသမီးတွေဘက်လှည့်တာ ထင်တယ်။ အသက်ပြည့်တဲ့သူအကုန် ဆင့်ခေါ်တယ်လို့တော့ ကြားတယ်။ ဒီလကုန် ရက်ကွက်ရုံးကို လာရမယ်ပြောတယ်။ စစ်မှုထမ်းဖို့လို့ ရေးထားတယ် ” လို့ အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက မြို့တော်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူမှာ မဟုတ်သေးဘူးလို့ ပြောခဲ့ပေမယ့် ဇွန်လ ၁၄ ရက်နေ့က မြို့ပေါ်ရပ်ကွက်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စာထုတ်ပြန်လာတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
“အသက်ပြည့်ပြီးသူ အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်း စသွင်းဖို့ ရပ်ကွက်ရုံးလာပေးဖို့ ပြောတယ်။ စာရွက်လည်းပေးတယ်။ တချို့က ထွက်ပြေးမယ်ပြောတယ်။ အခုက သေသေချာချာ ဘာမှန်းမသိသေးဘူး။ ယောကျာ်းလေးတွေကုန်လို့ မိန်ကလေးတွေဘက် လှည့်လာတာလားမသိဘူး ” လို့ နောက်ထပ် အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်နယ်မြေ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်အကြောင်းပြပြီး ဆိုင်ကယ်စီးနင်းသူ အမျိုးသား လူငယ်တွေကို အဓိက ပစ်မှတ်ထားဖမ်းဆီးနေရာက ဇွန်လအတွင်းမှ အမျိုးသမီးတွေကိုပါ အပတ်စဥ် ၁၅ အတွက် စစ်မှုထမ်းခိုင်းဖို့ ကြိုပြင်နေတာ ဖြစ်နိုင်တယ်လို့ စုံစမ်း သိရှိရပါတယ်။
မြို့တော် News Channel