ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံတိုက်ပွဲတွင် သာယာ၀တီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်းနှင့် စစ်အင်ဂျင်နီယာ ဗိုလ်မှူး ၁ ဦးတို့ သေဆုံး၊ မင်းလှတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ
ရန်ကုန်၊ ဇွန် ၁၇
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေး စစ်ကွင်းတာဆုံတိုက်ပွဲတွင် ာယာ၀တီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းနှင့် ဗိုလ်မှူး ၁ ဦး သေဆုံးသွားကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြော ဆိုသည်။
ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း သာယာ၀တီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း (DSTA အပတ်စဉ် ၈) နှင့် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး (DSTA အပတ်စဉ် ၁၁ ) တို့ သေဆုံးသွားခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်၏ ပစ်ခတ်မှုကြောင့် ပြည်မြို့ဘက်ရှိ မင်္ဂလာဆောင်မှ ပြန်လာသည့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို လက်ရှိချိန်ထိ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။
တစ်ပြိုင်နက်တည်း ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန် မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းနှင့် ပဲခူးရိုးမ အကြားရှိ နေရာ ၂ ခုတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ စစ်ကြောင်းများပါ ရောက်ရှိလာခြင်းကြောင့် တိုက်ပွဲများ လက်ရှိအချိန်အထိ ဖြစ်ပွားနေကြောင်း သိရသည်။
အလားတူ ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် မင်းလှမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ဖားလေးကွင်းမြောက်စုရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၈၀ အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်တင်ရီ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ တစ်ရွာတည်းနေထိုင်သူ မခိုင်သင်းကြည် လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယနေ့ မွန်းလွဲပိုင်းတွင် မင်းလှမြို့နယ်၊ လက်ဆက်ရွာမှ ပြည်သူပိုင် ဖောကားကို ချောဆွဲပြီး တာလေးရွာကို လာရောက်သည့် ပျူစောထီးများနှင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထပ်မံ တိုက်ပွဲဖြစ်နေကြောင်း သိရှိရသည်။
“တိုက်ပွဲတွေက နေရာ ၃ ခုလောက်မှာဖြစ်နေတယ်။ ဒီနေ့ နံနက်ပိုင်းလည်း ဆက်ဖြစ်နေတုန်းပဲ။ အခုထိ မပြီးသေးဘူး။ ရန်ကုန်-ပြည်လမ်းကိုလည်း ပြည်သူတွေ မသွားကျဖို့ ပြောချင်တယ်။ စစ်ခွေးတွေက ထိခိုက် သေဆုံးမှုတော် တော်များတယ်။ သေဆုံးတဲ့ထဲမှာ ဗျူဟာမှူးပါတယ်လို့တော့ သိရပေမယ့် အတည်တော့မပြုနိုင်သေးဘူး။ သေတာက စစ်ခွေးဘက်ကတော်တော်များတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုရှိတယ်။ လက်ရှိ မင်းလှမြို့နယ်က တိုက်ပွဲ အခြေအနေတွေကြောင့် သရက်တပင် အထကကျောင်း အပါအဝင် ကျောင်းတချို့ပါ ပိတ်လိုက်ပြီ” ဟု PDF စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
ပဲခူးတိုင်းအတွင်း၊ မင်းလှမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားနေရာအများစုတွင် PDF များ စိုးမိုးထားပြီး စစ်ကောင်စီတပ်က မြို့နေရာကွက်ကွက်တွင်သာ တပ်စွဲထားနိုင်ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။
ဓာတ်ပုံ- သာယာ၀တီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းကို အခြား ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မသေဆုံးမီက တွေ့ရစဉ်။
