ကျိုက်လတ်မြို့၊ CPP ဓာတ်မြေဩဇာကုမ္ပဏီမှ အရောင်းကိုယ်စားလှယ် လင်မယား ပုသိမ်သို့အသွား ရေမြောင်းအတွင်း ကားထိုးကျပြီး ၂ ဦးစလုံး ရေမွန်းသေဆုံး

by

in

ကျိုက်လတ်မြို့၊ CPP ဓာတ်မြေဩဇာကုမ္ပဏီမှ အရောင်းကိုယ်စားလှယ် လင်မယား ပုသိမ်သို့အသွား ရေမြောင်းအတွင်း ကားထိုးကျပြီး ၂ ဦးစလုံး ရေမွန်းသေဆုံး
ရန်ကုန်၊ ဇွန် ၁၇

ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့၊ CPP ဓာတ်မြေဩဇာကုမ္ပဏီမှ အရောင်းကိုယ်စားလှယ် လင်မယား ပုသိမ်သို့အသွား ရေမြောင်းအတွင်း ကားထိုးကျပြီး ၂ ဦးစလုံး ရေမွန်းသေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် ဧရာ၀တီတိုင်း မြောင်းမြလမ်း၊ ကန်ကုန်းနှင့်ကျိုက်လတ်အကြား CPP ဓာတ်မြေဩဇာကုမ္ပဏီမှ ဦးဇေထွဋ်ဝင်း မောင်းနှင်လာသော TOYOTA HILUX VIGO ယာဉ်သည် တစ်ဖက်လမ်းမှ လာသော ယာဉ်ကို တိမ်းရှောင်ရင်း လမ်းဘေး ရေမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ ယာဉ်မှာ ရေမြောင်းထဲ ထိုးကျသွားပြီးနောက် အနီးအနားမှ ပြည်သူများက ၀ိုင်း၍ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြသော်လည်း ကားပေါ်တွင် လိုက်ပါသော ဦးဇေထွဋ်ဝင်းနှင့် ဇနီး မစန်းစန်းဌေးတို့ ၂ ဦးစလုံး ရေမွန်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
“သေဆုံးသူ ၂ ဦးစလုံးမှာ ဘာဒဏ်ရာမှ မရှိဘူး။ ကားက ရေမြောင်းထဲကျတဲ့အချိန် ရေမွန်းပြီး သေဆုံးတာပါ။ အခင်းဖြစ်ပြီး ၁၅ မိနစ်လောက်မှာ ပြည်သူတွေ ၀ိုင်းကယ်ပေမယ့် အသက်မမီတော့ဘူး။ ရေမြောင်းကလည်း တော်တော်နက်တယ်။ အခုတော့ သက်ဆိုင်ရာကတစ်ဆင့် သူတို့ မိဘဆွေမျိုးတွေဆီ ဆက်သွယ်ပေးထားပြီ” ဟု အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိခဲ့သော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဦးဇေထွဋ်ဝင်းနှင့် မစန်းစန်းဌေးတို့ ဇနီးမောင်နှံသည် ကျိုက်လတ်မြို့ခံများဖြစ်ပြီး သားသမီးမရှိကြောင်း၊ အလှူ အတန်းဝါသနာပါပြီး လူချစ်လူခင်ပေါများသူများဖြစ်ကြောင်း၊ CPP ဓာတ်မြေဩဇာကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ်အဖြစ် ဧရာ၀တီတိုင်းတစ်ခွင် လှည့်လည် ရောင်းချနေသူများဖြစ်ကြောင်း မိတ်ဆွေများက ပြောဆိုကြသည်။