ပြင်ဦးလွင်ကထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့
TNLAနောင်ချိုကလမ်းခွဲမှာ တိုက်ပွဲဆက်ဖြစ်နေ
ဇွန်-၁၅၊ ၂၀၂၅။ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် မန္တလေး−မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုမ္မသီး နဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၁၇ရက်)
နံနက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုလမ်းမကြီးရဲ့ ပြင်ဦးလွင် − နောင်ချိုလမ်းပိုင်းပေါ် နောင်ချိုမြို့နဲ့ (၁၂)ခန့်ကွာဝေးတဲ့ လမ်းခွဲနေရာအနီးက အုမ္မသီးနဲ့ ရေမောင်းတန်းကရွာတို့မှာ ပြင်ဦးလွင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ TNLAပူးပေါင်းတပ်တို့ကြား ဇွန်လ ၁၅
ရက်ကတည်းက တိုက်ပွဲဖြစ်နေတာပါ။
ပြင်ဦးလွင်မြို့နယ်ကဝက်ဝံကျေးရွာမှာအထိုင်ချ ခံ
စစ်ပြင်နေတဲ့ စစ်တပ်ဟာ မန္တလေး−လားရှိုးလမ်းမကြီးကတဆင့် ဝက်ဝံ−ဘန်းဘွေး−နောင်ချိုဆိုပြီး စစ်ကြောင်းထိုးနေပါတယ်။
ဇွန်လ ၁၆ရက်မှာအုမ္မသီးနဲ့ ရေမောင်းတန်းရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာစစ်တပ်ကလက်နက်
ကြီး (၉)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက အသိပေးထားပါတယ်။
“အုမ္မသီးနဲ့ ရေမောင်းတန်းနဲ့က လမ်းခွဲနေရာရဲ့ ဟိုဘက်၊ဒီဘက်အခြမ်းပေါ့။ အုမ္မသီးက လမ်းခွဲရဲ့ ပြင်ဦးလွင်ဘက်အခြမ်းမှာ။ ရေမောင်းတန်းက လမ်းခွဲရဲ့ နောင်ချိုဘက်အခြမ်းမှာ။ အဲဒီနေရာတွေမှာ ဖြစ်နေတာ”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လက်ပန်ကုန်းကျေးရွာဘက်ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ကပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့လည်း TNLAက အသိပေးထားပါတယ်။
ဇွန်လ ၁၅ရက်ကလည်း အုမ္မတီးနဲ့ ရေမောင်းတန်ရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)လုံး ကြဲချတိုက်
ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
ပြင်ဦးလွင်မြို့နယ်ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ တအာင်းတပ်မတော်(TNLA) နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်
ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။ အဲ
ဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၅ ရက် နဲ့ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၁၃ရက်ကလည်းစစ်ကားခြောက်စီး နောင်ချိုဘက်ကို တက်သွားတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်
ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို ဇွန်လကုန်အထိ့သက်တမ်းထပ်တိုးကြောင်းဇွန်လဆန်းမှာကြေညာခဲ့ပါတယ် ။ဒါကို စစ်တပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့TNLAက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာ စစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်က မနေ့က ဇွန်လ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။
ဇွန်လ ၁၆ရက်မနက်ကလည်း ကံကြီးရွာနဲ့ ကံကြီးရွာအရှေ့ဘက်ကရွှေသွန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ DPLAခေါင်း
ဆောင် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
“အဲဒီဘက်မှာလည်းနောင်ချိုကြီးမြောက်ဘက်ဆို ရွှေသွန်းရွာပတ်ဝန်းကျင်မှာတော့တိုက်ပွဲဖြစ်တယ်။ မနေ့က (ဇွန် ၁၅)ရော ဒီမနက်(ဇွန် ၁၆)ဖြစ်သေးတယ်။ တိုက်ပွဲကမပြင်းတာပဲ။ မကြာမကြာ တော့ ဖြစ်တယ်။ မကြာမကြာပဲ နေ့တိုင်းလိုလိုဖြစ်တယ်”လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို တောင်းခမ်းဒေသကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေပြီး အဆိပ်ငွေ့ဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − TNLA)
