မြန်မာ့သစ်တောပြုန်းတီးမှု သိသိသာသာလျော့နည်းလာဟု စစ်ခေါင်းဆောင် ပြော

by

in

အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းလာခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇွန် ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မိမိတို့တာဝန်ယူပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောတွေ ပြုပြင်ထိန်းသိမ်းမှုကို အလေးထား ကြပ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းကျဆင်းခဲ့တာကို တွေ့ရှိရတယ်။”

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းနဲ့ ၂၀၂၅ ခုနှစ် ပဏာမ အစီရင်ခံစာအရ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိတာကို တွေ့ရှိရတဲ့အတွက် သစ်တောပြုန်းတီးမှု အနည်းငယ်ရှိနေကြောင်း တွေ့ရှိရတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်ခေါင်းဆောင်က သစ်တောပြုန်းတီးမှု လျော့ကျလာတယ်လို့ ပြောနေပေမဲ့ နိုင်ငံတကာမှာ သစ်တောပြုန်းတီးမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Forest Watch ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ တနှစ်တည်းမှာတင် မြန်မာ့သစ်တောပြုန်းတီးမှုက ဧကပေါင်း ၇၁၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်
သစ်တောပြုန်းတီးမှု
သစ်ပင်စိုက်ပျိုးပွဲ