ကျောက်ဖြူမှာ စစ်ကောင်စီ တပ်ရင်းလိုက် အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်လာ
၁၅၊ ဇွန်၊၂၀၂၅
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေဟာ တပ်ရင်းလိုက် အလင်း၀င်လာသည်ဟု AA နဲ့နီးစပ်တဲ့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
AA သိမ်းပိုက်ထားတဲ့နေမြေတွေကိုအတင်းထိုးစစ်ဆင်ခိုင်းပြီးစေလွှတ်ရာမှ အခုလိုAA နဲ့ဆက်သွယ်မူပြုလုပ်ပြီး စစ်ကြောင်းတစ်ကြောင်းလုံးအလင်း၀င်လာသည်ဟု လေး၀တီFM ကိုပြောပါတယ်။
“အလင်း၀င်တာက ဗိုလ်မူးအဆင့်ပါတယ် အင်အားက ၇၀ ဆယ်ခန့်မှန်းခြေရှိတယ်။”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အာရက္ခတပ်တော်က နေ့စဥ်နဲ့အမျှ ဖမ်းဆီးရမိထားတယ်လို့လည်း သူက ဆိုပါတယ်။
မေ ၃၀ ရက်နေ့၊ ညနေ ၃ နာရီလောက်ကလည်း ကျောက် ဖြူမြို့နယ်၊ မင်းတက်တောင်ရွာမြောက်ဖက် မီတာ (၆၀၀) အကွာက စက်မှု၊ လက်မှုသင်တန်းကျောင်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုင်းစစ်ဦးစီးမှူး (ပထမတန်း) /ကပအမ – ကြည်း/၃၇၅၃၂ ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင် အပါအဝင် စစ်သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ အာရက္ခတပ်တော်က လက်ရဖမ်းဆီးရမိခဲ့ပါတယ်။
တိုက်ပွဲတွေဟာ တရုတ်ဂက်စ်ပိုက်လိုင်းနဲ့ မီတာ (၆၀၀၀) လောက်ကွာတဲ့ နေရာတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီဟာ သူတို့ အခြေပြုထားတဲ့ နေရာတွေကနေ အာရက္ခတပ်တော်ရှိတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် အခုလိုတိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်နဲ့ အလင်းဝင်လာသူတွေကိုလည်း အာရက္ခတပ်တော်က စစ်သုံ့ပန်းဥပဒေအတိုင်း ထိုက်တန်တဲ့ ဆုငွေပေးအပ်တာတွေ၊ မိသားစုဆွေမျိုးတွေထံ စနစ်တကျ လွှဲပြောင်းပေးတာတွေကို ယခင်ကအတိုင်း ပြုမူဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
