ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “ပန်းသပိတ်” နှင့် “အင်္ကျီပြာ” ၈ ရက်တာ လူထုလှုပ်ရှားမှု ၂ ခုတွင် ပြည်သူများပါဝင်ကြရန် နှိုးဆော်၊ မိမိ၏ လုံခြုံရေးက ဦးစားပေးပထမဖြစ်ပြီး လုံခြုံရေး အသိ၊ သတိ အပြည့်ဖြင့် ပါဝင်ရန် တိုက်တွန်း
ရန်ကုန်၊ ဇွန် ၁၅
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “ပန်းသပိတ်” နှင့် “အင်္ကျီပြာ” လှုပ်ရှားမှု ၂ ခုတွင် ပြည်သူများပါဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) ယနေ့ နှိုးဆော်ကြေညာသည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့ ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နှင့်တကွ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်အုပ်စု ဖန်တီးနေသည့် အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အနေဖြင့် လူထုလှုပ်ရှားမှုကြီး ၂ ခု ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်လိုကြောင်း ကြေညာထားသည်။
ပထမလှုပ်ရှားမှုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် တွဲမြင်ပြီးသားဖြစ်သည့် “ပန်းသပိတ်” လှုပ်ရှားမှုဖြစ်ပြီး နှင်းဆီနီအပါအဝင် လက်လှမ်းမီရာ ပန်းများကို ဘုရားပန်း တင်ခြင်း၊ ဆံကေသာတွင် အမြတ်တနိုး ပန်ဆင်ကြခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြခြင်း၊ အွန်လိုင်းပေါ် တင်ကြခြင်း၊ မြေပြင်တွင်လည်း ပန်းသပိတ် လူထုလှုပ် ရှားမှုများကို လုံခြုံရေး အသိ၊ သတိ အပြည့်ဖြင့် ဖော်ဆောင်သွားကြရန် GSCB က နှိုးဆော်ကြေညာသည်။
ဒုတိယလှုပ်ရှားမှုအဖြစ် “အင်္ကျီပြာ” လှုပ်ရှားမှု (Blue Shirt Campaign) ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရည်ရွယ်ကြောင်း အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိသည့် အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို ဝတ်ဆင် အသုံးပြုကြရန်ဖြစ်ကြောင်း သိရှိရသည်။
“ပန်းသပိတ်” လှုပ်ရှားမှု နှင့် “အင်္ကျီပြာ” လှုပ်ရှားမှု ၈ ရက်တာကမ်ပိန်း ကို ဇွန်လ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိမိအဆင်ပြေသည့် ရက် ၁ ရက်တွင်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ အဆင်ပြေသည့်ပုံစံဖြင့် ပါဝင်နိုင်ကြောင်း သိရှိရသည်။
“တော်လှန်သွေးမအေးဘူးဆိုတာ ပြည်သူလူထုက ပြကြမှာပါပဲ။ ဒါပေမယ့် မိမိရဲ့ လုံခြုံရေးက အဓိက ဖြစ်တယ်။ ကိုယ်ဘေးမဖြစ်အောင် အန္တရာယ်မရှိအောင်၊ လူမှုကွန်ရက်ပေါ်တင်ရင်လည်း ကိုယ့်ကို ပြန်ပြီး ဒုက္ခမဖြစ်အောင် ပါဝင်ကြဖို့ တိုက်တွန်းချင်တယ်။ တော်လှန်စိတ်နဲ့ အဆင်ပြေတဲ့ပုံစံနဲ့ ပါဝင်ကြပါ။ အထူးသဖြင့်တော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်၊ ရဲနဲ့ သတင်းပေးတွေက မိမိကိုယ် ဒုက္ခမပေးနိုင်အောင် လုံခြုံရေး ဦးစားပေး စီစဉ်ပြီး လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်တယ်” ဟု ပြည်တွင်းမှ မြို့ပြ တော် လှန်ရေး သပိတ်အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနမှတစ်ဆင့် အကြံပြု တိုက်တွန်းသည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အသက် ၈၀ နှစ်ပြည့်မည်ဖြစ်ပြီး စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးအကျဉ်း ချထားခြင်းဖြစ်သည်။
