ပုလဲ၊ ကန်ဒေါင့်တိုက်ပွဲသို့ စစ်ကူလာရောက်သည့် စစ်တပ်မှ စစ်ကြောင်းမှူး မိုင်းထိဒဏ်ရာရထားပြီး စစ်ကြောင်း တပ်ပျက်နေ
ရန်ကုန်၊ ဇွန် ၁၅
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ စစ်ကူလာရောက်သည့် စစ်တပ်မှ စစ်ကြောင်းမှူး မိုင်းထိ ကာ စစ်ကြောင်း တပ်ပျက်နေကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၂ – Guerilla Ranger တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့သူ စစ်သား ကိုထက်လင်းအောင်ခ(ခ) ကိုကျော်ကိုက ပြောဆိုသည်။
ပုလဲမြို့နယ်၊ ကန်ဒေါင့်တပ်စခန်း မကျစေရေး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က စစ်ကူပေးပို့ထားသော စစ်တပ်စစ် ကြောင်းမှာ လမ်းတစ်လျှောက်တိုက်ခိုက်ခံရကြောင်း၊ စစ်သား ၁ ဦးသေဆုံးထားကာ စစ်ကြောင်းမှူးမှာလည်း မိုင်းထိ ဒဏ်ရာရရှိထား သည်ဟု အလင်းဝင် စစ်သား ကိုထက်လင်းအောင် (ခ) ကိုကျော်ကို က ရှင်းပြသည်။
အလင်းဝင် စစ်သား ကိုထက်လင်း အောင်(ခ)ကို ကျော်ကိုသည် ၂၀၂၄ ခုနှစ်၊ ၁၀ လပိုင်းက အရက်သောက်ရန်ဖြစ်ရာက အချုပ် ၂ ပတ် ချခံရကာ စစ် သားအဖြစ် စု ဆောင်းခံရသူဖြစ်ကြောင်း၊ ထို့နောက် ရေနီမြို့နှင့်တောင်ငူမြို့ တို့တွင် စစ်သင်တန်း ၅ လနှင့် စစ်မြေပြင် ၂ လ တာဝန်ထမ်းဆောင်ကာ မုံရွာမြို့အခြေ စိုက် အနောက် မြောက်တိုင်း စစ်ဌာနချုပ်သို့ ပို့ဆောင်ခံရသူဖြစ်ကြောင်း ၊ ထို့နောက် ပုလဲ မြို့နယ်၊ ကန်ဒေါင့်ရွာတိုက်ပွဲသို့ စစ်ကူပေးရန် မုံရွာမြို့အနောက် မြောက်တိုင်းစစ်ဌာန ချုပ် – နမခ ရဟတ်ယာဉ်ဖြင့် အင်မထီး ပျူစောထီးစခန်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခံရပြီးနောက် MA1 အမျိုးအစား သေ နတ် ၁ လက်၊ ကျည် ၄၅ တောင့်၊ မိုင်း ၁ လုံးနှင့်အတူ စစ်ကြောင်းအတွင်းမှ ထွက်ပြေးလာကာ ယင်း မာ ပင်ခရိုင် အမှတ် ၁၂ တပ်ရင်း – Guerilla Ranger ထံ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၇ ရက်နေ့ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပုလဲမြို့နယ်၊ အင်မထီး ရွာ ပျူစော ထီးစခန်းသို့ ရဟတ်ယာဉ်ဖြင့် အင်အား ၁၄၀ ခန့်ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်ပြီးနောက် ကန်ဒေါင့်ရွာဘက်သို့ စစ်ကူစစ်ကြောင်းအဖြစ် ခြေလျင် သွား ရောက်စဉ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တပ်ပျက်နေပြီး ဟိုတစ်စု၊ ဒီတစ်စုဖြင့် တပ် ပျက်နေကြောင်း သိရသည်။
“ထိတွေ့မှုဖြစ်တာ PLA နဲ့ဖြစ်တာပါ၊ စစ်ကြောင်းက ဟိုတစ်စု၊ ဒီတစ်စု အနေ အထားပဲ၊ ကိုင်းတွင်းရွာ ထဲမှာ အင်အား ၃၀ လောက် ရှိတယ်။ တချို့လည်းပျောက်နေတာ၊ တချို့သေဆုံးသွားတာတွေရော တပ်ပျက်နေတဲ့အနေအထားပဲ၊ လက်ရှိတော့ တိုက်ပွဲကငြိမ်နေတယ်။ ထိတွေ့တိုက်ပွဲမှာ သူတို့စစ်ကြောင်းမှူးလည်း မိုင်းထိထားတယ်လို့ ပြောတယ်။ သေဆုံးတာက တော့ အတိအကျမသိရဘူးလို့ ပြောတယ်။ သူနဲ့အလင်းဝင်မဲ့တစ်ယောက်သေသွားတာသိလို့ ပြော တယ်။ အဲဒါကြောင့် သူလည်း စစ်ကြောင်းထဲကနေ လစ်ထွက်ပြေးလာတာ၊ ပြီးတော့ ကျနော်တို့ ရဲဘော် တွေရှိ ကားကင်းပွိုင့်ဆီလာပြီး အလင်းဝင်ဖို့ဆိုပြီး ပြောတာ၊ ကြိုတင်ချိတ်ဆက်ထားတာ တော့မရှိဘူး။ ဖုန်းတွေလည်းအသိမ်းခံရတာဆိုတော့” ဟု ယင်းမာပင်ခရိုင်တပ် ရင်း ၁၂ – Guerilla Ranger တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို ဇွန်လ ၂ ရက်နေ့ကတည်းက PLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၂ ပတ်နီးပါးကြာမြင့်သည်အထိ ပြင်းထန်နေဆဲဖြစ်သည်။
ဓာတ်ပုံ- ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲဝင်နေသည့် PLA တပ်မှ တော်လှန်ရေးရဲဘော်တချို့။
Photo- PLA။
