လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ ပန်းသပိတ်နှင့် အင်္ကျီပြာ လှုပ်ရှားမှုတွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် GSCB တောင်းဆို
ရန်ကုန်၊ ဇွန် ၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ ပန်းသပိတ်နှင့် အင်္ကျီပြာ လှုပ်ရှားမှုတွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က တိုက်တွန်း တောင်းဆိုလိုက်သည်။
ဇွန်လ ၁၉ ရက်နေ့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ရက်မြတ် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၂၁၂၂ ဦးကို အဓမ္မ ချုပ်နှောင် ဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်ကြောင်း သိရသည်။
ပထမ လှုပ်ရှားမှု အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းသပိတ် လှုပ်ရှားနှင့် နှင်းဆီနီ အပါအဝင် လက်လှမ်းမီရာပန်းများကို ဘုရားပန်း တင်ခြင်း၊ ဆံကေသာတွင် အမြတ်တနိုး ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးခြင်း၊ အွန်လိုင်းပေါ် တင်ခြင်း၊ မြေပြင်တွင်လည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်သွားကြရန် တိုက်တွန်းထားသည်။
ဒုတိယလှုပ်ရှားမှုအဖြစ် လူထုနှင့် ရင်းနှီးပြီးသားဖြစ်သော အင်္ကျီပြာ လှုပ်ရှားမှု (Blue Shirt Campaign) ပါ ပြုလုပ်ရန် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်သော အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိသော အပြာရောင် အဝတ်အစား အသုံးအဆောင်များကို ဝတ်ဆင် အသုံးပြုကြရန် တိုက်တွန်းထားသည်။
အဆိုပါ လှုပ်ရှားမှု ၂ ခုကို ၈ ရက်တာ ဖော်ဆောင်သွားမည်ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ ၂၁ ရက်နေ့ အထိ စုစုပေါင်း ၈ ရက်တာ ပြုလုပ်မည်ဖြစ်ကြောင်း၊ အဓမ္မ ဖမ်းဆီးခံထားရသော မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးမှသည် မြန်မာတစ်ပြည်လုံး အာဏာရှင်စနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ပြင်းပြခိုင်မာတဲ့စိတ်ဓာတ်နဲ့ ညီညာစုရုံး အတူဆက်တိုက်ပွဲဝင်ကြရန် GSCB က တောင်းဆိုထားသည်။
“ဒီလှုပ်ရှားမှု ဖော်ဆောင်ခြင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ မွေးနေ့ ကျရောက်တာလည်းဖြစ်တယ်။ အဲမွေးနေ့ အထိမ်းအမှတ်နဲ့ အတူ လူထုခေါင်းဆောင်တစ်ဦးရဲ့မွေးနေ့နဲ့ ချိတ်ဆက်ပြီးတော့ ပြည်သူတွေ အခက်ကြုံလာနိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ကိစ္စ အဲတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ချိတ်ဆက်ပြီးတော့ဖော်ဆောင်တာပေါ့။ ဒီပန်းသပိတ်ဆိုတာလည်း လူထုခေါင်းဆောင်နဲ့တွဲမြင်ပြီးသားဖြစ်တယ်။ Blue Shirt Campaign ကျတော့ မတရားအကျဉ်းကျခံရတဲ့ လူထုခေါင်းဆောင်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တခြား တော်လှန်ပြည်သူတွေကိုလည်း ချွင်းချက်မရှိ အမြန်လွှတ်ပေးရေးဆိုတဲ့ အားလုံးကိုချိတ်ဆက်ပြီးတော့ ဖော်ဆောင်တာဖြစ်ပါတယ်” ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
