ဖားကန့်၊ မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တွင် စုစည်းနေသော စစ်တပ်ကို KIA က ကြားညှပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံး၊ စစ်တပ်က အရပ်သား ပြည်သူများကိုပါ လိုက်လံ ပစ်ခတ် သတ်ဖြတ်

by

in

ဖားကန့်၊ မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တွင် စုစည်းနေသော စစ်တပ်ကို KIA က ကြားညှပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံး၊ စစ်တပ်က အရပ်သား ပြည်သူများကိုပါ လိုက်လံ ပစ်ခတ် သတ်ဖြတ်
ရန်ကုန်၊ ဇွန် ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် စုစည်းနေသော စစ်တပ်ကို KIA က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး ဖားကန့်မြို့နယ်၊ မှော်စီဇာကုန်းတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ယင်းနောက် မွန်းတည့်ပိုင်းတွင် မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် စုစည်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များကို KIA က ကြားညှပ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြားကြောင်း သိရှိရသည်။
တိုက်ပွဲများဖြစ်ပွားနေချိန် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကိုပါ လိုက်လံ ပစ်ခတ် သတ်ဖြတ်နေကြောင်း သိရှိရသည်။
“ဖားကန့် မှော်ဆီဇာကုန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီနံနက် ၉ နာရီတည်းက စပြီး တိုက်ပွဲဖြစ်နေတာ တိုက်ပွဲကတော့ တောက်လျှောက်ကို ဖြစ်နေတာ ပစ်ခတ်သံတွေကတော့ ဆူညံနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန်ဝန်းကျင်ကလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မှော်စီဇာ ဘုရားကုန်းအနီး မှော်စီဇာလမ်းဆုံတွင် စစ်ကောင်စီ တပ်သားများ ပစ်သတ်ထားသည့် အရပ်သား ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ဆီဇာ ဘုရားကုန်းတွင် မေလနှောင်းပိုင်းမှစတင် တပ်စွဲခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် KIA ၊KPDF တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိသည့်အပြင် ကျောက်စိမ်းမှော်များရှိ အဆောက်အအုံ၊ ယာဉ်၊ ယန္တရားများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖားကန့်မြို့နယ်၊ မှော်စီဇာ လုပ်ကွက်များသို့ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်း။