ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဇေယျာ၀တီမြို့ ဘူတာရုံ၊ သကြားစက်နှင့်ဆားဂွန်းဂိတ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ကား ၂ စီး သိမ်းဆည်းရရှိကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ဖြူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဇေယျဝတီမြို့ ဘူတာရုံနှင့်ဇေယျဝတီမြို့ အရှေ့ဘက် သကြားစက်တို့တွင် ကင်းပုံးချထားသော စစ်ကောင်စီတပ်သားများကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ
ဇေယျဝတီမြို့ တောင်ဘက်ရှိ စစ်တပ်စွဲထားသော ဆားဂွန်းဂိတ်ကို ဖြူးမြို့နယ် ပကဖ ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
ဇေယျဝတီမြို့ ဘူတာရုံနှင့် သကြားစက်ရှိ စစ်တပ်ကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့် ၎င်းတို့စီးနင်းလာသော အိမ်စီးကား ၂ စီးကို ဖြူမြို့နယ် ပကဖ အဖွဲ့မှသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ပေါ်ရှိ ဘူတာရုံနှင့် သကြားစက်တွင် အထိုင်ချသော စစ်ကောင်စီတပ်သားများသည် အကြမ်ဖက် တပ်သားစုဆောင်းခြင်း၊ပြည်သူများထံမှငွေကြေးများကို မတရားတောင်းယူခြင်းများကို ပြုလုပ်နေကြောင်း၊ စစ်တပ်က အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် အကြမ်းဖက်အင်အားစုဆောင်းရာတွင် အသုံးပြုရန် အိမ်စီးကားများကို စစ်ကောင်စီမှအသွင်ပြောင်းထားသူ ဇေယျဝတီသကြားစက်ရုံမှ စက်ရုံမှူး၊ဒုစက်ရုံမှူးများက ကူညီပေးထားကြောင်း ဖြူးမြို့နယ်ပကဖက ပြောသည်။
ဓာတ်ပုံ – ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်- မန္တလေးလမ်းဟောင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခဲ့စဉ်။
