ကုလသမဂ္ဂနှင့်အာဆီယံက စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုသည့်ကြားမှ မြန်မာနိုင်ငံအခြေ အနေ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှု အဆိုးရွားဆုံးဖြစ်လာ
ရန်ကုန်၊ ဇွန် ၁၂
ကုလသမဂ္ဂနှင့်အာဆီယံတို့က စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံအခြေအနေမှာ ပိုမို ဆုတ်ယုတ်လာပြီး ပြည်သူ၏ ဒုက္ခဆင်းရဲမှုမှာ အဆိုးရွားဆုံးဖြစ်လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ အထွေထွေညီလာခံ မျက်နှာစုံညီ အလွတ်သဘောအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားစာနာနှင့် လူ့အခွင့်အရေး အခြေအနေများ သည် ဆိုးရွားဆဲဖြစ်ပြီး ပို၍ပင် ဆုတ်ယုတ်လာခဲ့ကြောင်း၊ ပြီးခဲ့သော ၄ နှစ်ကျော်ကာလအတွင်း ၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကြေကွဲဖွယ်အခြေအနေမှာ ပိုမို ဆိုးရွားလာသဖြင့် တိုင်းပြည် ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာ ထိပါးစေပြီး အရပ်သားပြည်သူများ ကြုံတွေ့ခံစားရ သည့် ဒုက္ခဆင်းရဲက အဆိုးရွားဆုံးဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
စစ်တပ်က အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများ နှင့် ဗုံးကျဲခြင်းများကို အပြီး တိုင် ရပ်တန့်ရေးကလည်း အထူး အရေးပါကြောင်း၊ ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများမှ ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း၊ စစ်အုပ်စုထံသို့ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပုံစံအမျိုးမျိုးဖြင့် ပေးအပ်နေသည့် အကူအညီများက စစ်တပ်အား မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား ထပ်မံသတ်ဖြတ်ရန် ခွင့်ပြုပေးရာ ရောက်သည်မှာ ရှင်းလင်းမြင်သာကြောင်း ၎င်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံသို့ ပြောဆိုသည်။
မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်း အကျပ် တပ်သားစုဆောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကျပ် ပျောက်ကွယ်စေမှု၊ တရား လက်လွတ် စီရင်ခြင်းများနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှု စသည် ဖြင့် လက်မခံနိုင်အောင် ဆိုးရွားသည့် ရက် စက် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် နေထိုင်နေရကြောင်း၊ မြန် မာ နိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို အလျင်အမြန် ထိရောက်စွာ ဖြေရှင်းခြင်းအားဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ်တို့ကို ကယ်တင်ရန် လိုအပ်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ ရှင်းပြသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသူများထံ လူသားစာနာအကူအညီများ ထိရောက်စွာ ပိုဆောင်ရေးက ပင်မလိုအပ်ချက်ဖြစ်၊ စစ်တပ်မှ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများ နှင့် ဗုံးကျဲခြင်းများကို အပြီးတိုင် ရပ်တန့်ရေးကလည်း အထူး အရေးပါကြောင်း၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ခြင်းက အဓိကကျကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်နှင့် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန် တာဝန်ယူသော အခန်းကဏ္ဍမှ ပါဝင်ရန်လိုကြောင်း၊ ထိရောက်မှုရှိပြီး ပြည်သူ့လိုအပ်ချက်ကို ဗဟိုပြုသော ဒေသတွင်း အဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍကလည်း အရေးပါကြောင်း၊ မြန်မာ နိုင်ငံ၏ အနာဂတ်နှင့်သက်ဆိုင်သည့် မည်သို့သော အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု မဆို ပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့် ကိုက်ညီရန် လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြ ပြောဆိုသည်။