ပညာရေးအားနည်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြဟု စစ်ခေါင်းဆောင်ပြော
ဧရာဝတီ၊ ဇွန် ၁၂၊ ၂၀၂၅
နိုင်ငံအတွင်း ဖြစ်ပွားနေသော မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များသည် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားပြီး အတန်းပညာတတ်မြောက်မှုနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် ပြောသည်။
လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေးအားနည်းနေသဖြင့် တိုင်းပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေး အတွက် ဆရာ၊ ဆရာမက စနစ်တကျသင်ကြားပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် KG + 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်ပတ်သက်ပြီး အခြေခံ သိရှိစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ လောင်းကစားမှုဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေတို့ကို သင်ကြားပေးနေ ကြောင်း၊ KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အသက် ၁၇၊ ၁၈ နှစ်အရွယ်များဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပါက ဆန္ဒမဲပေးရမည်ဖြစ်သောကြောင့် ဥပဒေကို သိရှိနားလည်နိုင်ရေး သင်ကြားပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဝန်ထမ်းများအနေဖြင့်လည်း ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းပြောဆိုသည်။
ဓာတ်ပုံ-CINCDS