မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး KNU ဦးဆောင်သော တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေ

by

in

မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး KNU ဦးဆောင်သော တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေ
ရန်ကုန်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး KNU ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်မှစတင်၍ မြ၀တီမြို့ရှိ စစ်ကောင်စီတပ်က လက်ခတ်တောင်ပတ်ဝန်းကျင်သို့ လက် နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ အတွဲလိုက် လက်နက်ကြီးများလည်းပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၂၅ လုံးထက်မနည်းကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် မြဝတီမြို့ တောင်ဘက် လေ့ကေကော်မြို့သစ်အနားရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျုဟာအမြောက်ကုန်းကလည်း လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်များရှိနိုင်မည့်နေရာများသို့ ပစ်ခတ်ခဲ့ကြောင်း ၊ ယနေ့နံနက်ပိုင်းတွင်မူ တော်လှန်ရေးတပ်များက စွယ်တော်ကုန်းကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
” စွယ်တော်ကုန်းကို Cobra ၊ ကျားသစ်နက် ၊Venon စစ်ကြောင်းတွေနဲ့ KNLA ပူးပေါင်းအဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားတယ်။ ကိုယ်တွေဘက်က.ဒရုန်းတွေနဲ့ ဗုံးကျဲချနေပြီးတော့ ခွေးကုန်းကနေ စနိုက်ပါ တွေနဲ့လည်း ပြန်တယ်။ လက်နက်ကြီးနဲ့ စက်သေနတ်လည်းပစ်တယ်။ ၈၁ မမ နဲ့ ၁၂၀ မမ စိန်ပြောင်းတွေနဲ့ ညကတည်းက ပစ်တယ်။ အခုတော့ တော်လှန်ရေးတပ်တွေက ၀ိုင်းတိုက်နေကြတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ကရင်ပြည်နယ်တွင် တကျော့ပြန် ဖြစ်ပွားလာသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်က BGFက စစ်ကူပေးလျက်ရှိပြီး တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နေရာများသို့လည်း BGF နှင့် စစ်တပ် ပူးပေါင်းတပ်များက ဝင်ရောက်နိုင်ရန် ကြိုးစားမှုများရှိနေကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“Cobra ပူးပေါင်းအဖွဲ့ ဦးဆောင်တဲ့ တပ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့ ၃၅၅ ၊ ၃၅၆၊ ၃၅၇ နေရာတွေကို အခု BGF နဲ့ စကစ ပေါင်းပြီး ပြန်သိမ်းဖို့ လုပ်နေတယ်။ တိုက်ပွဲတွေ ပြန်စနေတယ်၊ ပြန်ဖြစ်တယ်။ ကိုယ့်ဘက်ကတော့ ရဲဘော်တစ်ယောက် ကျသွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများ မရှိသလောက် နည်းပါးသွားပြီး မြ၀တီမြို့ကိုမူ BGF က ထိန်းချုပ်ထားကာ စစ်တပ်က BGF ၏ အကူအညီဖြင့် မြ၀တီတွင် ပြန်လည် တပ်စွဲထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)