နတ်ရေကန်စခန်းနဲ့ တစ်မိုင်ကျော်အကွာက ကာကင်းစခန်းကို AA သိမ်းပိုက်
နတ်ရေကန်စခန်းကို ထိုးစစ်ဆင်ဖို့ နီးကပ်လာပြီး စခန်းကို AA နဲ့ မဟာမိတ်တွေ ပိတ်ဆို့ထားနိုင်ပြီလို့ဆို
ထက်ဖြိုး/MFP ၊ ဇွန် – ၅
မကွေးတိုင်းဝင်ပေါက် ရခိုင်ရိုးမ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းစခန်းနဲ့ တစ်မိုင်ကျော်အကွာရှိ စစ်အုပ်စု MPT တာဝါတိုင် ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစု တွေက ဇွန်လ ၃ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ MPT တာဝါတိုင်စခန်းကုန်းဟာ နတ်ရေကန်ဗျူဟာကုန်းစခန်းကို ကာပေးထားတဲ့ ကာကင်းစခန်း တစ် ခု ဖြစ်ပြီး နတ်ရေကန်စခန်းနဲ့ လမ်းကြောတစ်ခုတည်းပေါ်မှာတည်ရှိပြီး အမ်းတောင်ကြားလမ်းလို့ ခေါ်ကြတဲ့ အမ်း -ပဒါန်းလမ်းဟောင်းပေါ်မှာတည်ရှိတာလို့ ဆိုပါတယ်။
“နတ်ရေကန်လမ်းဟောင်းပေါ့။ အမ်းတောင်ကြားလမ်း။ ဂျပန်တွေအတက်အဆင်းလုပ်တဲ့လမ်းပဲ။ ကျနော်တို့ကကျ လမ်းဟောင်းလို့ ခေါ်တာပေါ့။ ဒီဘက်က တော်လှန်ရေးအဖွဲ့တွေအတွက် အတက်ပေါ့။ တအားကြီး အတက်ကြီး တော့မဟုတ်တော့ဘူး။ အရမ်းကြီးမတ်စောက်တာမဟုတ်ဘူး”လို့ ရိုးမပေါ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင် အားစုတစ်ခုရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရခိုင်ရိုးမရှိ အမ်း-ပဒါန်းလမ်းကြောပေါ်က အမြင့်ပေ မီတာ ၁၅၀၀ လောက်ရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာ ကွယ်ရေး အထိုင်ချစခန်းဟာ စစ်ရေးအရ ဗျူဟာကျတဲ့ စခန်းဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ မြေပြန့်မကွေး ဒေ သဆီဝင်ရောက်နိုင်ဖို့ စစ်အုပ်စုရဲ့ နောက်ဆုံးခံတပ်စည်းတစ်ခုလည်း ဖြစ်ပါတယ်။
အဆိုပါ နတ်ရေကန်စခန်းဟာ စစ်အုပ်စုအင်အား ၄၀၀ လောက်နဲ့အထိုင်ချထားတဲ့ စခန်းဖြစ်ပြီး အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ လ ၁၈ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။
မကွေးတိုင်းဘက်ခြမ်း အမ်း-ပဒါန်းလမ်းလမ်းပိုင်း ရခိုင်ရိုးမပေါ်ကနတ်ရေကန်စခန်းဟာ အမြင့်မားဆုံးတောင်ထိပ် စခန်းဖြစ်သလို စစ်အုပ်စုအင်အား အကောင်းဆုံးဖွဲ့စည်းထားတဲ့ အခိုင်အမာစခန်းဖြစ်ပြီး စစ်အုပ်စုကအဲဒီစခန်းမ ကျဖို့ အင်အားဖြည့်တင်းခံစစ်ပြင်ဆင်နေတာလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
အာရက္ခတပ်တော်က အပစ်ရပ်ကျေညာထားတဲ့ ဧပြီလထဲမှာလည်း စစ်အုပ်စုဟာနတ်ရေကန်စခန်းကိုအင်အား ဖြည့်တင်းတာတွေ ပြုလုပ်ခဲ့ပြီး နတ်ရေကန်စခန်းအနီးကဆုံကုန်းရွာမှာအမြောက်တပ်(အမတ-၄၀၉)နဲ့ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၅) တွေမှာ စုဖွဲ့မှုလုပ်ပြီး အင်အားဖြည့်တင်းထားခဲ့တာပဲဖြစ်ပါတယ်။
အာရက္ခတပ်တော်က မေလထဲမှာ အပစ်ရပ်သက်တမ်းထပ်မံတိုးမြှင့်ခဲ့ပြီးနောက်မေလဒုတိယပတ်လောက်ထိတိုက် ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့ စစ်အုပ်စုက နတ်ရေကန်စခန်းအနီး ပဇီရွာကို ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁)၊ (က ပ စ-၁၀)၊ (ကပစ-၁၃) တွေကနေ အင်အားအသစ်ထပ်ဖြည့်တင်းပြီးနောက် မေလကုန်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပဲဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေ ဇွန်လ ၃ ရက်က သိမ်းယူနိုင်ခဲ့တဲ့ စစ်အုပ်စု MPT တာဝါတိုင် ကာကင်းစခန်းဟာ နတ်ရေကန်ဗျူဟာကုန်းနဲ့ သိပ်မဝေးတဲ့ နေရာက စခန်းကုန်ဖြစ်တာမို့ နတ်ရေကန် စခန်းကုန်းဆီ ထိုးစစ်ဆင်ဖို့ နီးကပ်လာပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
အဆိုပါ နတ်ရေကန်စခန်းကုန်းကို တိုက်ခိုက်ဖို့ ပဲခူးရိုးမထဲ စတင်ဝင်ရောက်လာစဉ်ကတည်းက လမ်းကြောဖြတ် တောက်တာတွေကအစ ကြိုးတင်ပြင်ဆင်လာကြတဲ့အတွက် နတ်ရေကန်ကို ရရှိဖို့က အခြေအနေကောင်းတယ်လို့ ပြောလို့ရတယ်လို့ ဆိုပါတယ်။
“အဲဒီကျတော့ ဝိုင်းထားတယ်လို့ ပြောလို့ရတယ်။ ထွက်ပေါက်ကတော့ အခုပုံစံတိုင်းဆိုရင် ဂုတ်ကြီးဘက်ပဲ သူတို့ (စစ်အုပ်စု) ဆုတ်လမ်း၊ တက်လမ်းရှိမယ်။ ဒီဘက်(ဂုတ်ကြီးရွာ) ရှောင်ကွင်းလမ်းဘက်ပဲ။ ကျန်တာကျတော့ တော် လှန်ရေးအဖွဲ့တွေက ပိတ်ဆို့ထားတာပဲလေ”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မကွေးတိုင်းဘက်ခြမ်း ရခိုင်းရိုးမပေါ်က နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ တော်လှန်ရေးအင်အားစုတွေအတွက် မြေပြန့်ဒေသဝင်ပေါက်တစ်ခုဖြစ်ပြီး ပဒါန်းမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော်က အမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မဟာမိတ် အင်အားစုတွေနဲ့အတူ ရခိုင်ရိုးမ အမ်း-ပဒါန်းလမ်းက စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့တာပဲဖြစ်ပါတယ်။
