မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးမှုအတွက် တောင်ကိုရီးယားရွေးကောက်ခံသမ္မတ အီဂျဲမြောင်ထံသို့ NUG ယာယီသမ္မတက ကျေးဇူးတင်ဂုဏ်ပြု ၊ ကိုရီးယား၏ အောင်မြင်မှုများကို မျှော်လင့်အားကျ နမူနာယူရဟုဆို

by

in

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးမှုအတွက် တောင်ကိုရီးယားရွေးကောက်ခံသမ္မတ အီဂျဲမြောင်ထံသို့ NUG ယာယီသမ္မတက ကျေးဇူးတင်ဂုဏ်ပြု ၊ ကိုရီးယား၏ အောင်မြင်မှုများကို မျှော်လင့်အားကျ နမူနာယူရဟုဆို
ရန်ကုန်၊ ဇွန် ၅
မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် အားပေးမှုအတွက် တောင်ကိုရီးယားရွေးကောက်ခံသမ္မတ အီဂျဲမြောင်ကို ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက ကျေးဇူးတင်ဂုဏ်ပြုသည့် သဝဏ်လွှာပေးပို့လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ရွေးကောက်ပွဲအနိုင်ရ ကိုရီးယားသမ္မတနိုင်ငံ၏ ၂၁-ကြိမ်မြောက် သမ္မတသစ် မစ္စတာ အီဂျဲမြောင် ထံသို့ ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ၂၀၂၅ ဇွန်လ ၄ ရက်နေ့က ပေးပို့လိုက်ကြောင်း ၊အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် သမ္မတ မစ္စတာ အီဂျဲမြောင်၏ အောင်မြင်မှုကို လေးစားဂုဏ်ယူပါကြောင်း၊ ရွေးချယ်ပေးလိုက်သည့် ကိုရီးယားပြည်သူများကိုလည်း လေးစားဂုဏ်ယူပါကြောင်း၊ ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကာလတွင် ခေါင်းဆောင်ဖြစ်လာသော သမ္မတအီဂျဲမြောင်သည် ကိုရီးယားနိုင်ငံကို တိုးတက်ခိုင်မာအောင် ဦးဆောင်နိုင်ရုံမက ဒီမိုကရေစီ လွတ်လပ်ခွင့်နှင့် တရားမျှတမှုများကိုလည်း ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများအပေါ် အားပေးမှုအတွက်လည်း ကျေးဇူးစကားဆိုပါကြောင်း၊ ကိုရီးယား၏ အောင်မြင်မှုများသည် မြန်မာနိုင်ငံအတွက် မျှော်လင့်အားကျ နမူနာယူစရာများ ဖြစ်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေး ကြိုးပမ်းမှုများကိုလည်း အား‌ပေးထောက်ခံမည်ဟု ယုံကြည်ပါကြောင်း၊ ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို အဓွန့်ရှည်စွာ ဆက်လက်တည်တံ့နေမည်ဟု ဆန္ဒပြုပါကြောင်း စသဖြင့် ဖော်ပြထားပါသည်။