ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ…

by

in

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ…
ဇွန် ၁ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
မဟာမိတ် ကရင်အမျိုးသားအစည်အရုံး – KNU ​ရဲ့ တပ်မဟာ ၆ နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဟာ အကြမ်းဖက်စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ အရင်က မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေနဲ့ တိုက်ခိုက်ခဲ့ရာကနေ လက်ရှိမှာတော့ PDF တပ်ရင်း/တပ်ဖွဲ့တွေ စနစ်တကျ စုဖွဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ရန်ကုန်တပ်ရင်း ၅၁၀၁ အနေနဲ့ စတင်ဖွဲ့စည်းပြီးချိန်ကစလို့ ကော့ကရိတ် တိုက်ပွဲ၊ တောင်ကြာအင်းတိုက်ပွဲတွေမှာ စတင်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းကယားနယ်စပ်မှာ အားဖြည့်ပါဝင်ခဲ့သလို ဖာပွန်မြို့သိမ်းတိုက်ပွဲမှာလည်း မဟာမိတ်တပ်တွေနဲ့အတူ ရွပ်ရွပ်ချွံချွံ ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ​ရဲ့ ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲမှာလည်း ရန်ကုန်တပ်ရင်း ၅၁၀၁ က မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ဦးဆောင် တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအတွင်း ရန်ကုန်တပ်ရင်း ၅၁၀၁ က ရဲဘော်အချို့ တော်လှန်ရေးသစ္စာအပြည့်နဲ့ နိုင်ငံတော်အတွက် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါတွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတာတွေ ရှိခဲ့သလို ပူးပေါင်းပါဝင်ခဲ့တဲ့ တိုက်ပွဲတွေမှာလည်း အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တပ်ရင်း ၅၁၀၁ အနေနဲ့ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ ရဲဘော်တွေက ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေရတာကြောင့် အခမ်းအနားပြုလုပ်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။