ဗိုလ်ချုပ်ဟောင်းများနှင့်မိသားစုဝင်များ လုပ်ကြံခံရမည်စိုးရိမ်၍ နေရာပြောင်း လျှို့ဝှက်နေထိုင်ကြသည့်အပြင် သက် တော်စောင့်အဖွဲ့များ ငှားရမ်းခြင်းနှင့် ခွင့်ပြုချက်တောင်း လက်နက်ကိုင်ဆောင်မှုများ လုပ်ဆောင်နေ
ရန်ကုန်၊ ဇွန် ၂
ပြည်တွင်းတွင် တော်လှန်ရေးတပ်များ၏ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံရမည်စိုးရိမ်၍ ဗိုလ်ချုပ်ဟောင်းများနှင့်မိ သားစုဝင်များမှာ နေရာပြောင်းခြင်း၊ လျှို့ဝှက်နေထိုင်ကြခြင်း အပြင် သက်တော်စောင့်အဖွဲ့များ ငှားရမ်းခြင်းနှင့် စစ်တပ်ထံမှ ခွင့်ပြုချက်တောင်းခံ၍ လက်နက်ကိုင်ဆောင်ခြင်းများ လုပ်ဆောင်လာကြကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ဘဏ္ဍာရေးအရာရှိချုပ် ဒုတိယဗိုလ်မှူးကြီးဟောင်း သိန်းအောင်၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ် အုန်းသွင်နှင့်သားမက် စစ်အရာရှိ ဗိုလ်ကြီးတို့ကို လုပ် ကြံ ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်ဟောင်းများနှင့်မိသားစုဝင်များမှာ နေပြည်တော်သို့ ပြောင်း ရွှေ့ခဲ့ကြကြောင်း၊ သို့ရာတွင် ၂ နှစ်ကျော်အကြာတွင် လုံခြုံရေး ပြန်လည် တည်ငြိမ်လာပြီဟု ယူဆကာ ဗိုလ်မှူးချုပ်ဟောင်းများမှာ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည် ပြောင်းရွှေ့လာကြောင်း၊ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံခံရပြီးနောက် ရန်ကုန်တွင် ပြန်လည် နေထိုင်ကြသော ဗိုလ်ချုပ်ဟောင်းများနှင့် မိသားစုဝင်များမှာ နေပြည်တော်သို့ ပြန်လည် ပြောင်းရွှေ့လာကြကြောင်း သိရှိရသည်။
” Mytel က ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင်နဲ့ ဗိုလ်မှူးချုပ် အုန်းသွင်တို့ ပစ်ခတ် လုပ်ကြံခံရပြီးတော့ အား လုံး က ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းကြတာ။ ၂ နှစ်လောက်ကြာတော့ လုံခြုံရေး ပြန်ငြိမ်သွားပြီဆိုပြီး ရန်ကုန်ပြန် ပြောင်းနေကြတာ။ ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံခံရတော့ အားလုံးက လုံခြုံရေး ပြန်စိုးရိမ်ပြီး နေပြည်တော်ကို ပြန်ရွှေ့လာကြတယ်။ ရန်ကုန်လိပ်စာတွေမှာ မနေကြတော့ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် ဗိုလ်ချုပ်ဟောင်းနှင့် မိသားစုဝင်များမှာ လုံခြုံရေးအတွက် သက်တော်စောင့်အဖွဲ့များ ငှားရမ်းလာခြင်း၊ စစ်ကောင်စီထံမှ လက်နက် ကိုင်ဆောင်ခွင့်များ တင်ပြတောင်းခံ၍ လက်နက်ခဲယမ်းများ ဝယ်ယူကိုင်ဆောင်ခြင်းများ လုပ်ဆောင်လာကြောင်း သိရှိရသည်။
“တော်တော်များများကတော့ အိမ်မှာ အရင် တပ်မှာ နေခဲ့တုန်းက လက်အောက်ငယ်သားအဟောင်းတွေကို အိမ်တွေမှာ ခေါ်ထားတယ်။ သက်တော်စောင့်ပုံစံခေါ်ထားတာ။ အခုနောက်ဆုံးကတော့ တပ်မတော်ဆီမှာ ခွင့်ပြုချက် တင်ပြီး လက်နက်ခဲယမ်း ကိုင်ဆောင်ကြတာ။ ဘူးလက်လှဆွေဆိုရင် သူ့အတွက်တင်မဟုတ်ဘူး၊ သူ့အိမ်မှာနေတဲ့ လုံခြုံရေးပါ လက်နက်တပ်ထားတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ယခင် သမ္မတသိန်းစိန်လက်ထက် သမ္မတရုံးဝန်ကြီး လုပ်ခဲ့သော စိုးသိန်းနှင့် သားအေးချမ်းတို့မှာလည်း ရန်ကုန်သို့ မလာကြတော့ဘဲ နေပြည်တော်တွင်သာ အိမ်များပြောင်း၍ လျှို့ဝှက်နေထိုင်ကြကြောင်း၊ စိုးသိန်းနှင့်သား အေးချမ်းတို့သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်း၊ အမှတ် ၁၆/အေ-၁ တွင် မထိုင်ကြတော့ ကြောင်း ၊ စိုးသိန်း၏သား အေးချမ်းသည် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော်လည်း လုံခြုံရေးစိုးရိမ်၍ အစည်းအဝေးနှင့်ရုံးသို့ လာရောက်ခြင်းမရှိတော့ ကြောင်း သိရှိရသည်။
“ဦးစိုးသိန်းရဲ့ သားဖြစ်သူ က ရန်ကုန်မှာ ပြည်သူတွေကို သူ့အဖေနဲ့သူ့ကို နာမည်ဖျက်လို့ဆိုပြီး ဆက်သွယ်ရေးဥပဒေ၊ လျှော်ကြေး သိန်းထောင်ချီ လိုချင်လို့ တရားလိုအဖြစ် တရားစွဲထားတဲ့ အမှုတွေအများပြီးပဲ။ အဲဒါကို အမှုရုံးချိန်းတွေလည်း မလာတော့ဘူး။ သူ့ကို လုပ်ကြံမှာ ကြောက်လို့။ မီဒီယာကောင်စီမှာ အတွင်းရေးမှူး လုပ်နေတာလည်း မလာတော့ဘူးလို့ သိရတယ်” ဟု စိုးသိန်းသားဖြစ်သူ အေးချမ်း၏ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသော ပန်းဘဲတန်းမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဗိုလ်ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထားသော ကြံ့ဖွတ်ပါတီအတွင်းတွင်လည်း ပါတီထိပ်ပိုင်း ခေါင်းဆောင်များ သွားလာရာတွင် သက်ဆိုင်ရာ စစ်တပ်နှင့်ရဲကို အကြောင်းကြား၍ လုံခြုံရေး ရယူပြီးမှ သွားလာကြရန် ပါတီတွင်း ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။