နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း

by

in

နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း
ရန်ကုန်၊ ဇွန် ၁
စစ်အာဏာရှင် တော်လှန်ရေးတွင် မကြာခင်ဖြစ်ပေါ်လာမည့် အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေးအတွက် ပြည်သူတိုင်း အာရုံစိုက်ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။
ရန်ကုန်ခေတ်သစ်က အပတ်စဉ် စီစဉ်တင်ဆက်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ အမေးအဖြေတွင် ၎င်းက အထက်ပါအတိုင်း ဖြေဆိုသွားခြင်းဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် အပါအဝင် တော် လှန်ရေးခေါင်းဆောင်တချို့က အထွေထွေထိုးစစ်ကြီး လာမည်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း၊ အထွေ ထွေထိုးစစ်သည် တော်လှန်ရေးအတွက် သော့ချက်ဖြစ်ပြီး လူတိုင်းလူတိုင်း ပါဝင်ရမည်ဖြစ်ကြောင်း၊ အထွေထွေထိုးစစ် ဆင်နွှဲချိန်တွင် စစ်ကောင်စီက ပြည်သူများကို ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း ဒေါက်တာဇော်ဝေစိုးက သတိပေးသည်။
” အထွေထွေထိုးစစ်တွေ လုပ်တဲ့အချိန်မှာ သူတို့(စစ်တပ်)က မနိုင်တဲ့သူကို မတိုက်ခိုက်ဘဲ လွယ်ကူတဲ့ နိုင်တဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှာဖြစ်ပါတယ်။ သူတို့ ဘယ်လိုနည်းနဲ့မှ ကျနော်တို့ကို နိုင်မှာမဟုတ်ဘူး။ PDF တွေနဲ့ ခုနကလို တိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို မတိုက်ခိုက်ဘဲ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှာဖြစ်တယ်။ ဒါကြောင့် Safe Hospital ၊ Safe School တွေ Safe places for people ပြည်သူလူထုအတွက် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ ဆေးရုံဆေးခန်းတွေ လုံခြုံအောင် စိတ်ချရအောင် ကျောင်းတွေ သင်ကြားတဲ့နေရာတွေ လုံခြုံအောင် ပြည်သူလူထုတွေ နေတယ်၊ ထိုင်တယ်သွားတယ်လာတယ် လုံခြုံစိတ်ချရအောင် ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ဖို့လိုတယ်၊ အထွေထွေထိုးစစ် တစ်ဖက်က စစ်ရေးအရ ပြင်ဆင်နေတဲ့အချိန်၊ ကျနော်တို့တွေအနေနဲ့လည်း ပြည်သူ လူထုကို Service ပေးတဲ့သူတွေ ဝန်ဆောင်မှု ပေးတဲ့သူတွေအနေနဲ့လည်း လုံခြုံစိတ်ချရတဲ့ အထွေထွေထိုးစစ်အတွင်းမှာ အန္တရာယ်ရှိတဲ့နေရာတွေကို လုံခြုံစိတ်ချရအောင် လုပ်ဖို့လိုပါတယ်။ အဲဒါဟာ ကျန်းမာရေးစောင့်ရှောက်တဲ့သူ ပညာသင်ကြားတဲ့သူတွေ တင်မကဘဲ ပြည်သူတွေအနေနဲ့လည်း သတိရှိရှိ အသိရှိရှိ နေထိုင်ကြဖို့ လိုတယ်။ ပြင်ဆင်ကြဖို့ လိုတယ်လို့ အသိပေး သတိပေးချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အထွေထွေထိုးစစ်သည် မည်သည့်အချိန် လာမည်ကို မသိရှိရသေးသော်လည်း အဆုံးသတ်အောင်မြင်မှသာလျှင် အောင်မြင်သော တော်လှန်ရေးဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထွေထွေထိုးစစ်အောင်မြင်ရေး အားလုံးက ၀ိုင်းဝန်း အားထုတ်ကြရန် လိုအပ်ကြောင်း သူက ဆက်လက်တိုက်တွန်းသည်။
“အထွေထွေထိုးစစ်ဟာ ကျနော်တို့အတွက်တော့ အရေးကြီးတယ်။ ကျနော်တို့တော်လှန်ရေးမှာ ပြီးခဲ့တဲ့ ၄ နှစ်တာ ဆောင်ရွက်ခဲ့သမျှကို ဒီအချိန်မှာ အင်ပြည့်အားပြည့် ပါဝင်မှု အပြည့်နဲ့ ကျနော်တို့ ဒီဟာကို ပြင်ဆင်ပြီးတော့ ထိုးစစ်မှာ အထွေထွေထိုးစစ်ကြီးကိုအောင်မြင်အောင် လုပ်ဖို့ လိုတယ် ဒါမှသာလျှင်ကျနော်တို့ ကျနော်တို့တော်လှန်ရေးက အောင်မြင်တဲ့ တော်လှန်ရေး ဖြစ်သွားမှာဖြစ်တယ်။ တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်အောင် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ဒါက အရေးကြီးတဲ့အချိန် ဒီအချိန်မှာ အားလုံးရဲ့ပါဝင်မှုတွေ အားလုံးရဲ့ ပြင်ဆင်မှုတွေ အရေးကြီးတယ်။ ဒါကြောင့် ပြည်သူလူထုကိုရော တော်လှန်ရေးအင်အားစုတွေကိုရော အခုလိုမျိုး ဝန်ဆောင်မှုပေးတဲ့သူတွေကိုရော ဒီအချိန်မှာတော့ အစွမ်းကုန် အားထုတ်ပြီးတော့ ၀ိုင်းဝန်းကြဖို့ ပါဝင်ကြဖို့ ပြောချင်ပါတယ်။ ဘယ်အချိန် ဘယ်အခါဖြစ်လာမယ်ဆိုတာ မသိပေမယ့် ဒါဟာ ဒီနေ့ ဒီအချိန်မှာ လူတိုင်းလူတိုင်း ပါဝင်ရမယ့် အာရုံစိုက်ရမယ့် လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။
NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလ၏ ညွှန်ကြားချက်နှင့်အညီ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပြည်ပမှ မြန်မာနိုင်ငံသို့ အပြီး ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။