စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး
ရန်ကုန်၊ ဇွန် ၁
မြန်မာနိုင်ငံတစ်ဝန်း စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ်သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးသော ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက လာမည့် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် တပ်မတော်သားများ အပါအဝင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် စခန်းသိမ်း၊ မြို့သိမ်းနှင့် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး တိုက်ပွဲ အနိုင်ရရှိသည်အထိ တိုက်ခိုက်နိုင်သော အရာရှိ၊ စစ်သည်များအားလုံးကို အသက်အရွယ်၊ ပညာအရည်အချင်းနှင့်ရာထူးဆိုင်ရာ ကန့်သတ်ချက်များ မထားတော့ဘဲ ရာထူးတိုး၊ အဆင့်တိုးပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုက်ထိုက်တန်တန်လည်း ဆုချမည်ဖြစ်ကြောင်း သိရှိရသည်။
“စခန်းသိမ်း၊ မြို့သိမ်းနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရအောင် တိုက်ပွဲတွေ အနိုင်ရရှိရင် ရာထူးတိုး အဆင့်တိုး ပေးမယ်။ အဲဒီလို တိုးပေးတဲ့နေရာမှာ အသက်အရွယ်၊ အရည်အချင်း အကန့်အသတ်မထားတော့ဘဲ တိုးပေးမယ်လို့ ညွှန်ကြားချက်ထုတ်လာတယ်။ ထင်သာမြင်သာရှိတဲ့ တိုက်ပွဲအောင်နိုင်မှုတွေဆိုရင် ဆုတံဆိပ်တွေပါ ချီးမြှင့်မယ်လို့ ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ စစ်ကောင်စီက မက်လုံးပေးရာတွင် စစ်မှုထမ်းတပ်သားများလည်း အကျုံးဝင်ကြောင်း၊ ရာထူးတိုးရာတွင် တိုက်ခိုက်စွမ်းရည်နှင့် စစ်ပွဲအောင်နိုင်မှု အပေါ်မူတည်၍ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ထိုက်တန်သော ရာထူးနှင့် အဆင့်များနှင့်အတူ လစာ၊ ဆုကြေး အပါအဝင် အခြားအခွင့်အရေးများပါ ခံစားခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များထံတွင် အလင်းဝင်ခြင်း၊ ထွက်ပြေးခြင်း၊ စခန်းနှင့်မြို့များကို ခုခံကာကွယ်ခြင်းမပြုတော့ဘဲ ထွက်ပြေးခြင်း ၊ လက်နက်ချခြင်း၊ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခြင်း များ ဖြစ်ပေါ်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
