မေခ၊ မလိခမြစ်ရေကြီးနေ၍ ပူတာအို၊ ချီဖွေအနိမ့်ပိုင်းဒေသများ ရေမြုပ်
▪️ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား
မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေခနှင့် မလိခမြစ်တို့တွင် မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြစ်ဘေးတလျှောက် နေထိုင်သူများ ရေဘေးသတိပြုရန် ကချင်ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။
မေခနှင့် မလိခမြစ်ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာ၀တီမြစ်ရေသည်လည်း ရေဆက်လက် မြင့်တက်နေကာ မြစ်ကြီးနားမြို့တွင် ရေဘေးသတိပေးမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။
” ပူတာအို မလိခမြစ်ရေ ဆက်လက်မြင့်တက်နေဆဲ။ ပူတာအိုအနိမ့်ပိုင်းနေရာအချို့ ရေနစ်မြုပ်နေပြီ။ မေခမြစ်ဘေးက ချီဖွေ ။ မနှစ်ကထက် ရေတက်အား ပိုကောင်းလို့ အရေးပေါ်ပြောင်းရွှေ့နေကြရ။ နှစ်စင်းလုံးအရှိန်ကောင်းကောင်းနဲ့ အောက်ဖက်ကို ဆင်းလာနေတယ်။ ဒါက မြစ်ကြီးနား ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေတယ်။ မြို့နဲ့ နီးတဲ့ရေလယ်ကျွန်းအားလုံးမြုပ် ပြီ”ဟု ကချင်သတင်းရင်းမြစ်က ရေကြီးမှုကြောင့် နေအိမ်များ နစ်မြုပ်နေမှု မှတ်တမ်းများ ပြသ၍ ပြောသည်။
မေခနှင့် မလိခမြစ်ရေ အပြိုင်ရေတက်နေပြီး အောက်ဖက်ဒေသရှိ မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ပြင်ဆင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။
အခြားကချင်သတင်းရင်းမြစ်အချို့ကလည်း မေခ နှင့်မလိခ မြစ်နှစ်သွယ်လုံး၏ မြစ်ဖျားပိုင်းတွင် မြစ်ရေဆက်လက် မြင့်တက်နေဆဲဖြစ်၍ မြစ်ကြောင်းတလျှောက်ရှိ ပြည်သူများသတိထား နေထိုင်ရန် အကြံပြုထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် မေလ ၂၉ ရက်တွင်အားကောင်းသောမုန်တိုင်းငယ်ဖြစ်ခဲ့ပြီး ထိုမုန်တိုင်းအရှိန်ကြောင့် ကချင်ပြည်နယ် ၊ချင်းပြည်
နယ်၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း NUG ၏ MOHADM က မေ ၂၉ ရက်တွင်သတိပေးထား
သည်။ ထိုမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံ
တစ်ဝန်းလုံးတွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်းလည်းခန့်မှန်းထားသည်။
(ပူတာအိုနှင့် ချီဖွေမြို့တို့တွင် မိုးများ၍ မြစ် ရေကြီးနေစဉ်။ ဓာတ်ပုံ – Naw Tu Awng)