အိမ်ထောင်စုစာရင်းနဲ့ ဆီဝယ်ယူရမယ့်စနစ်ကို စတင်ပြောင်းလဲနေ.. မင်းအောင်လှိုင်ပြောသလို သမခေတ်ကို ဦးတည်..

by

in

အိမ်ထောင်စုစာရင်းနဲ့ ဆီဝယ်ယူရမယ့်စနစ်ကို စတင်ပြောင်းလဲနေ..
မင်းအောင်လှိုင်ပြောသလို သမခေတ်ကို ဦးတည်..
စက်တင်ဘာ ၄၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုမှာ စားအုန်းဆီကို သန်းခေါင်စာရင်းနဲ့၀ယ်ယူရမယ့် ဆီစာအုပ်တွေ လုပ်ပေးနေပြီး အရင် နအဖခေတ်က သမစနစ်ကို စစ်ကောင်စီ ပြန်လည်အသက်သွင်းနေပြီ ဖြစ်ပါတယ်။
စားအုန်းဆီကို လိုအပ်သလို၀ယ်လို့မရတော့ဘဲ အကန့်အသတ်နဲ့သာ ၀ယ်ယူနိုင်တော့မယ့် သဘောလည်း ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ စားအုန်းဆီ ၁ ပိဿာကို ပြင်ပပေါက်ဈေး ၁၅၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်ဝန်းကျင်အထိ ဖြစ်ပေါ်နေတဲ့အတွက် ရပ်ကွက်တွေအတွင်း ရရှိတဲ့ ဆီကတ်၊ ဆီစာအုပ်တွေနဲ့ ဆီ ၅၀ ကျပ်သားကို ၃၃၀၀/၃၄၀၀ ကျပ်ဝန်းကျင်နဲ့ ပြည်သူတွေ ထုတ်ဝယ်နေရတာ ဖြစ်ပါတယ်။
ဆီစာအုပ်တွေကို ရပ်ကျေးတွေမှာ ၃၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်ဈေးနဲ့ အသီးသီးထုတ်ပေးနေတယ်လို့ သိရပါတယ်။ ဆီစာအုပ်တွေကို ပေါင်နှံရောင်းချခြင်း မပြုလုပ်ဖို့ တင်းကြပ်ထားသလို ပြင်ပဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာကို အရင် ကျပ် ‌၁၅,၀၀၀ ခန့်ကနေ အခုအခါ ၁၉,၀၀၀/၂၀,၀၀၀ ကျပ်အထိ မြင့်တက်နေတဲ့အပြင် လိုသလောက်ဝယ်မရတဲ့ အခက်အခဲတွေလည်း ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်တိုင်း၊ မြို့နယ်တချို့တွင် စားအုန်းဆီများကို ဆီထုတ်ယူခွင့် စာအုပ်ဖြင့် စတင်ရောင်းချ
ရန်ကုန်၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်း၊ မြို့နယ်တချို့တွင် စားအုန်းဆီများကို ဆီထုတ်ယူခွင့် စာအုပ်ဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဆီစာအုပ်နဲ့ စရောင်းတဲ့ စနစ်ကို Pilot Project အဖြစ် စစမ်းနေပြီ။ အဓိက ဆီထုတ်ပြီးသားသူက ခဏခဏ ပြန်တန်းစီပြီ ဆီလာဝယ် အပြင်မှာ ပြန်ရောင်းစားတာမျိုးမဖြစ်အောင်။ နိုင်ငံတော်က ဒေါ်လာငွေ အကုန်အကျခံ တင်သွင်းထားတဲ့ စားအုန်းဆီကို အားလုံး သာတူညီမျှ တပြေးညီ ရကြအောင်ဒီစနစ်ကို ကျင့်သုံးတာပါ။ နိုင်ငံတော်ဘက်ကရော စားသုံးသူ ပြည်သူရော အဆင်ပြေအောင် စတင်ပြီး စမ်းကြည့်နေတာ။ အောင်မြင်ရင်တော့ အကုန်လုံးမှာ သုံးဖြစ်ပါလိမ့်မယ်” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
စားအုန်းဆီ ဆီထုတ်ယူခွင့်စာအုပ်များကို သန်းခေါင်စာရင်း ၊ ဧည့်စာရင်း ရှိသူများကို တစ်အိမ်ထောင်လျှင် တစ်အုပ် ထုတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ဆီကိုယ်စားလှယ် အရောင်းဆိုင်များတွင် ထုတ်ယူနိုင်ကြောင်း၊ ဆီစာအုပ်ဖြင့် ဆီရောင်းချပေးခြင်းကို ထွေ/အုပ်နှင့် ဆီအသင်းတို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရပ်ကွက်ထဲမှာ လူတွေက အလုပ်မရှိကြတော့ ဆီ ၅၀ သားလောက် နှစ်ကြိမ် တိုးပြီး အပြင်မှာ ပြန်ရောင်းရင် တစ်နေ့ကို ၅၀၀၀ လောက်တော့ရတယ်။ စားသောက်ဆိုင်တွေနဲ့ ဆီဒိုင်တွေက ပြန်ဝယ်တယ်။ အခု ဆီစာအုပ်နဲ့ရောင်းမယ်ဆိုတော့ အဲဒီလို တိုးပြီး ငွေရှာနေရတဲ့ လက်လုပ် လက်စား သမားတွေလေးတွေ အတော်ခက်ခဲတာပေါ့။ အလုပ်ကလည်း မရှိဘူးလေ။ ဆီတိုးပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့ မိသားစုတွေက အများကြီးပါပဲ။ အောက်ခြေမှာ။ အဲဒါတွေကို တစ်နေ့လုပ်မှ တစ်နေ့စားပါ။ တကယ်တမ်းက ဆီကိုယ်စားလှယ်တွေက အရောင်းပြတာက နည်းနည်း ။ သူတို့နောက်ကွယ်မှာ ဆီတွေ ပေပါလိုက် ခိုးထုတ်ရောင်း​ပြီး မှောင်ခိုစျေးကွက်ဖြစ်နေတာ အားလုံးလည်း သိနေတာပဲ” ဟု လှိုင်သာယာမြို့နယ်တွင် ဆီတိုးသူများထံမှ စားအုန်းဆီများကို ပြန်လည် ဝယ်ယူသူ ဆီဒိုင်တစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီ၏ စားအုန်းဆီကို ရောင်းချပေးရာတွင် လက်လီသတ်မှတ်ဈေး ၁ ပိဿာ ၆၆၀၀ ကျပ်ဖြင့် ရောင်းချပေးပြီး ပြင်ပတွင် စားအုန်းဆီ ပိဿာလျှင် ငွေကျပ် ၂ သောင်းကျော်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီက ၁ နှစ်လျှင် စားအုန်းဆီကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုး တင်သွင်းရသဖြင့် ပြည်တွင်းတွင် ဆီများ ပိုမိုထုတ်လုပ်ရန်နှင့် စားအုန်းဆီ တင်သွင်းမှုများကို လျှော့ချစားသုံးရန် ဖိအားပေးမှုများလုပ်ဆောင်လာပြီးနောက် ယင်းကဲ့သို့ ဆီစာအုပ်စနစ်ဖြင့် စားအုန်းဆီများကို စတင်ရောင်းချလာခြင်းဖြစ်ကြောင်း သိရှိရသည်။