NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လက်လွတ်စပယ်လုပ်တဲ့ ဆင်ခြင်တုံ တရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား…. “စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်”

by

in

NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လက်လွတ်စပယ်လုပ်တဲ့ ဆင်ခြင်တုံ တရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား….
“စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်”
စက်တင်ဘာ ၄ ၊ ၂၀၂၄

”မင်းအောင်လှိုင်နဲ့ စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူလူထုရဲ့ အသက်ကို စတေးပြီး ၎င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့ သာဓကဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စမျိုးကိုမဆို စည်းမဲ့ကမ်းမဲ့ ဘောင်မဲ့လုပ်ဝံ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့တဲ့ ရုပ်သံမိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်လွတ်စပယ်လုပ်တဲ့ ဆင်ခြင်တုံ တရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မနက်ပိုင်းမှာ ပြုလုပ်တဲ့ ၂၅/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့ နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ စစ်အာဏာရှင်စနစ်ကို စစ်စစ်မှန်မှန် တွန်းလှန်တိုက်ဖျက်နေတဲ့ ဘယ်လို တော်လှန်ရေးအဖွဲ့အစည်းမဆို ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အခြေခံအသိ ရှိထားပြီးသား ဖြစ်ပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူ လူထုရဲ့ အသက်ကို စတေးပြီး ၄င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့ သက်သေ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စ မျိုးကိုမဆို စည်းမဲ့ဘောင်မဲ့ လုပ်ဝံ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက်လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ လည်း ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေကို တိတိကျကျ ပြတ်ပြတ်သားသား တန်ပြန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောကြားထားပါတယ်။
ဆက်ပြီးတော့ ယာယီသမ္မတက အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေကိုပါ သူတို့နဲ့အတူ ငရဲဆီ ဆွဲခေါ်နေတယ်လို့ ပြောကြားထားပါတယ်။
“အခုစစ်ကောင်စီ အားထုတ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင်၊ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စေတနာ ဖြင့် ငရဲပို့လိုက်သည်… ဆိုတဲ့ အနက်သဘောလို ဖြစ်နေတာတွေ့ရပါတယ်။ အထွေထွေ ဆင်းရဲကြပ်တည်းမှုနဲ့ ကြုံနေရတဲ့ ပြည်သူလူထုကို စစ်ကောင်စီဟာ ဒုက္ခတွေ ထပ်တိုးပေးဖို့ ဘယ်သောအခါမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ယနေ့ ကြုံတွေ့နေရတဲ့ အထွေထွေအကြပ် အတည်းများဟာ စစ်အာဏာရှင်ကို ထောက်တိုင်ပြုနေတဲ့ တပ်မတော်သားများ နှင့် ၄င်းမိသားစု ဝင်များလည်း ထပ်တူခံစားနေကြတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင် ဖို့ဟာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ် ဖယ်ရှားနိုင်ဖို့လိုပါတယ်။ ” လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
“အခုလည်း နွေဦးတော်လှန်ရေး (၃) နှစ်ကျော်၊ (၄) နှစ်တာကာလအတွင်းမှာ လက်တွေ့ သက်သေ ပြထားနိုင်ခဲ့တာကို တွေ့ရလို့ ကျွန်တော့်အနေနဲ့ ဝမ်းသာကျေနပ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြီးဆုံးတဲ့ လုပ်ရပ် မဟုတ်သေးဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ယခင် ကထက် ပိုပြီးအားစိုက်ထုတ်ကြဖို့လိုတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီကို (နောင်ကြဉ်သွား အောင်အထိ) ထိုးနှက် တန်ပြန်ဖို့ လိုအပ်နေပါတယ်။ စစ်အာဏာရှင်ဆိုတာ အကျောမာတယ်၊ ခေါင်းမာတဲ့စရိုက် ရှိပါတယ်။ ဒါ့ကြောင့် သာသာနဲ့ နာနာနှက်လိုက်မှ၊ နောင်ကို မလုပ်ရဲအောင် အရှိုက်ထိစေမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဇွတ်မိုက်ပြီး ဆက်တိုးနေအုံးမှာ ဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။