စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော တပ်သားသစ်များ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများ ပြားနေပြီး စစ်ကောင်စီက အလောင်းပြန်မပေးသည့်အပြင် သေဆုံးမှုများကိုလည်း ဖုံးကွယ်ထား

by

in

စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော တပ်သားသစ်များ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများ ပြားနေပြီး စစ်ကောင်စီက အလောင်းပြန်မပေးသည့်အပြင် သေဆုံးမှုများကိုလည်း ဖုံးကွယ်ထား
🟥ဒလမှ အသက် ၂၀ ဝန်းကျင် မောင်နေမင်းထက် စစ်သင်တန်းဆင်းပြီး ရှေ့တန်းပို့ခံရကာ တိုက်ပွဲတွင် သေဆုံးခဲ့မှု စစ်တပ်က နောက်ကျ အသိပေး
ရန်ကုန်၊ စက်တင်ဘာ ၄

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခဲ့သော စစ်သင်တန်း လူငယ် တပ်သား သစ်များမှာ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများပြားနေပြီး စစ်ကောင်စီက တပ်သားသစ်များ ၏အလောင်းများကို ပြန်မပေးသည့်အပြင် သေဆုံးမှုသတင်းကိုလည်း အချိန်များစွာ ကြာမှ ကျန်ရစ်သူမိသားစုကို အသိပေးခြင်း၊ ဖုံးကွယ်ထားခြင်းများ လုပ်ဆောင်နေကြောင်း သေဆုံးသူများ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် ဧပြီလမှစတင်၍ စစ်ကောင်စီက လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်ထဲသို့ ဆွဲသွင်းပြီး စစ်သင်တန်းတက်ခိုင်းကာ ရှေ့တန်း စစ်မျက်နှာပြင်များသို့ ပေးပို့ခဲ့ကြောင်း၊ ထိုသို့ တပ်သားသစ်လူငယ်များကို ရှေ့တန်းသို့ ပေးပို့ရာတွင် မိုဘိုင်းလ်ဖုန်းများကို ယူဆောင်ခွင့်မပေးဘဲ မိသားစုများနှင့် အဆက်ဖြတ်ခိုင်းကြောင်း၊ ယင်းနောက်တိုက်ပွဲများတွင် သေဆုံးသွားချိန်တွင်လည်း မိသားစုထံသို့ ချက်ချင်း အကြောင်းကြားခြင်းမရှိဘဲ တချို့မှာ တစ်လနောက်ကျပြီးမှ သေဆုံးသည်ကို အကြောင်းကြားကြောင်း၊ အများစုမှာ သေဆုံးမှုကို လုံး၀ အကြောင်းမကြားဘဲ ဖုံးကွယ်ထားကြောင်း၊ အများစုသော တပ်သားသစ်များမှာ ရှေ့တန်းတွင် သေဆုံးပြီးနောက် အလောင်းပြန်မရကြောင်း သိရှိရသည်။
“စစ်မှုထမ်းသင်တန်းဆင်းတဲ့ တပ်သားသစ်တွေ ရခိုင်မှာ သေဆုံးတာ တော်တော်များတယ်။ အဲဒါကို မိသားစုတွေကို အကြောင်းကြားတာမရှိဘူး။ မိသားစုတွေက မဆက်သွယ်တော့မှ လိုက်မေးမှ တပ်ဘက်က သေသွားပြီလို့ ပြောတယ်။ တချို့ဆိုရင် ၁ လလောက်ကြာမှ ရခိုင်တိုက်ပွဲမှာ သေတာ ပြန်သိရတယ်။ တချို့လည်း ရှမ်းမြောက်မှာ သေကြတယ်။ အဲဒါ လုံး၀ ကို အကြောင်းမကြားတာ” ဟု စစ်မှုထမ်းရင်း သေဆုံးသွားသည့် တပ်သားသစ်တစ်ဦး၏ မိခင်တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်၊ညောင်ချောင်း-ချောင်းဦး ကျေးရွာမှ အသက် ၂၀ ဝန်းကျင်အရွယ် မောင်နေမင်းထက်သည် စစ်မှုထမ်း အပတ်စဉ် ပထမအသုတ် စစ်သင်တန်းတက်ပြီး ရှေ့တန်းအပို့ခံရကာ ဩဂုတ်လ ၃၁ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ မောင်နေမင်းထက်၏ အလောင်းပြန်မရဘဲ သေဆုံးသည့်သတင်းကိုလည်း ကျန်ရစ်သူမိဘများကို ၄ ရက်အကြာမှ အကြောင်းကြား ကြောင်း သိရှိရသည်။
“မောင်နေမင်းထက်က ပထမဦးဆုံးခေါ်တဲ့ အပတ်စဉ်ပဲ မိဘတွေက ဆင်းရဲတော့ ပိုက်ဆံယူပြီး လိုက်သွားတာ။ သေဆုံးတာကို ၄ ရက်ကြာမှ သူ့မိဘတွေက နာရေး အသုဘတရားနာလုပ်ရတယ်။ စစ်သင်တန်း ဆင်းပြီးတော့ ရှေ့တန်းအပို့မခံရခင်တုန်းက သူ့အိမ်ကို ၃ သိန်းလှမ်းတောင်းတယ်။ ရှေ့တန်း မသွားရအောင် လာဘ်ထိုးဖို့တောင်းတာ။ သူ့အိမ်ကလည်း မပြေလည်တော့ မပေးလိုက်နိုင်ဘူး။ လာဘ်ထိုးရင် ရှေ့တန်းမသွားရဘဲ စစ်ဆေးရေးဂိတ်မှာ အစောင့်လုပ်ရမယ်လို့ ပြောတယ်။ မိဘတွေက ပိုက်ဆံမရှိတော့ မပေးလိုက်ဘူး။ အခုတော့ သေသွားပြီ”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုစက်တင်ဘာလအတွင်း ဖွင့်လှစ်နေသည့် စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် တစ်နိုင်ငံလုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။