ကားများကို စက်သုံးဆီအကြိမ်​ရေအကန့်အသတ်ဖြင့်​သာရောင်း​သော ကတ်စနစ်အသုံးပြုရန်စစ်​ကောင်စီ စီစဥ်​​နေဟုဆို

by

in

ကားများကို စက်သုံးဆီအကြိမ်​ရေအကန့်အသတ်ဖြင့်​သာရောင်း​သော ကတ်စနစ်အသုံးပြုရန်စစ်​ကောင်စီ စီစဥ်​​နေဟုဆို
စောနွေဦး/People’s Spring
စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဝယ်ယူ​သောကားများကို အကြိမ်​ရေအကန့်အသတ်ဖြင့် သာဝယ်ယူခွင့်ရှိမည့်စမတ်ကတ်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်များထံမှသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေနည်း
ပါးလာပြီ စစ်​ကောင်စီက ​ဒေါ်လာကို လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန်သာအသုံးပြုလိုပြီး အများပြည်သူအတွက် အသုံးမပြုလိုသဖြင့်စက်သုံးဆီဝယ်ယူရန် ​ဒေါ်လာပိုမိုရှားပါးလာသည်။ နိုင်ငံခြား​ငွေရှားပါးသဖြင့် ပြည်ပမှစက်သုံးဆီဝယ်ယူတင်သွင်းနိုင်မှု နည်းပါး​သော​ကြောင့် စက်သုံးဆီပြတ်
လပ်မှုများမကြာခဏဖြစ်​နေသည်။ထို​ကြောင့်စစ်ကောင်စီကစက်သုံးဆီရောင်းချမှုကို ယခင် စစ်အာဏာရှင်များ​ခေတ်ကကဲ့သို့ ဆီစာအုပ်ဖြင့် ဝယ်ရ​သောစနစ်မျိုးကို စမတ်ကတ်အဖြစ်ပြန်အသွင်​ပြောင်းအသုံးပြု၍ဆီ​ရောင်းဝယ်မှုအ​ပေါ်ကန့်
သတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ ကားတွေကို ဆီသတ်မှတ်နှုန်းအတိုင်းပဲရောင်းပေးတော့မယ့်သဘောမျိုးပါ”ဟု ၎င်းကဆိုသည်။
ထိုစနစ်ကိုပြန်ကျင့်သုံးရန် စစ်​ကောင်စီက ဆွေး
နွေးနေဆဲဖြစ်ပြီး လက်တွေ့အကောင်ထည်ဖော်မည့်နေကို ထုတ်ပြန်ပေးသွားမည်ဟု အခြားလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။
“ဒီစနစ်က အရင် အာဏာရှင်ဟောင်းတွေခေတ်က စနစ်ပဲ။ စက်သုံးဆီလည်းမကြာခင် မှောင်ခိုဈေးကွက်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ ကြိုတင်နိမိတ်ဖက်ရမယ်”ဟု စက်သုံးဆီဆိုင်အရောင်းမန်နေဂျာတစ်ဦးကပြောသည်။
လက်ရှိတွင် ကားတစ်စီးကို ကျပ် ၅၀,၀၀၀ ဖိုးသာဆီဆိုင်များကရောင်းနေသည်ဟုလည်း ကားပိုင်
ရှင်တစ်ဦးကပြောသည်။
ဆီပြတ်လပ်ပြီး စက်သုံးဆီဆိုင်များတွင် ဆီဝယ်ရန် ကားများ အချိန်ကြာမြှင့်စွာ တန်းစီ​စောင်ဆိုင်းရမှုသည် မကြာခဏဖြစ်ပွား​နေပြီး ဩဂုတ်လကုန်ပိုင်းမှစ၍ ယခုရက်ပိုင်းတွင် ဆီဆိုင်များ၌ ကားတန်းရှည်ကြီးများ ပြန်လည် ဖြစ်​နေပြန်သည်။
စစ်ကောင်စီတွင် နိုင်ငံခြားငွေလိုအပ်ချက်ရှိနေ၍ ဆီတန်းစီရသည့် ယာဉ်တန်းရှည်ကြီးများဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စက်တင်ဘာ ၃ ရက်တွင် စက်သုံးဆီ ဆိုင်တွင် စစ်​ကောင်စီက တရားဝင်​သတ်မှတ်​ပေး​သော ​​ဈေးနှုန်းများ မှာ ဓာတ်ဆီများဖြစ်သည့် အောက်တိန်း ၉၂ တစ်လီတာကို ၃၁၀၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ကျပ် ၃၂၄၀ ၊ ဒီဇယ်တစ်လီတာကို ၂၆၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၃၂၉၅ရှိလာသည်။ ထိုဈေးနှုန်းများသည် စစ်တပ်အာဏာမသိမ်းခင်ကထက် ၆ဆ မှ ၈ဆခန့်အထိ ​ဈေးတက်လာခြင်းဖြစ်သည်။
​ဒေါ်လာနည်းပါးမှု​ကြောင့်ပင် စစ်​ကောင်စီက စားအုန်းဆီ တင်သွင်းမှုကို​လျှော့ချ ကန့်သတ်လိုက်သဖြင့်ပြည်တွင်း၌ စားအုန်းဆီပြတ်လပ်မှု ဆိုးရွာစွာဖြစ်​​နေပြီး စက်တင်ဘာလဆန်းမှစ၍ စားအုန်းဆီကို အိမ်​ထောင်စုအလိုက် စာအုပ်ဖြင့် အကန့်အသတ်ဖြင့် ဝယ်ရ​သောစနစ်ကိုစတင်ကျင့်သုံး​နေသည်။
(စက်သုံးဆီဝယ်ယူရန်တန်းစီ​နေ​သောကားများကို သြဂုတ်လ တွင်​တွေ့ရစဥ်။ဓါတ်ပုံ-People’s Spring )