ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊ မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊

by

in

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီ ရပ်နားထား၊
မြို့လုံးကျွတ် သိမ်းနိုင်ဖို့ စခန်းနှစ်ခုသာ ကျန်၊
AN/MFP၊ စက်တင်ဘာ – ၃

ထီးချိုင့်မြို့သိမ်း တိုက်ပွဲကို ယာယီ ရပ်ထားတားပြီး မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေတာ ရှိ၊မရှိ ပြန်လည် စိစစ်နေတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေး တပ်တွေက ဩဂုတ်လလယ်ပိုင်းက စလို့ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့လုံးကျွတ် သိမ်းပိုက်နိုင်ဖို့ နေရာ နှစ်နေရာသာ ကျန်ရှိတော့တဲ့အချိန် တိုက်ပွဲကို ယာယီ ရပ်နားထားပြီး မြို့တွင်း နယ်မြေရှင်းလင်း စိစစ်နေတာလို့ ဆိုပါတယ်။
“အခုက အထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ စိစစ်နေတာ။ အဲဒီလူတွေက စစ်ကောင်စီ အားပေးတွေ များတယ်။ ဖမ်းသင့်တဲ့သူဖမ်း စစ်သင့်တဲ့သူစစ် လုပ်နေတာကို မပြီးသေးဘူး။ နယ်မြေရှင်းလင်းရေးကို မပြီးသေးလို့ ပွဲတွေ ခဏ ရပ်ထားရတာ”လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်ပြီးနောက် သြဂုတ်လ(၂၂)ရက်မှာ ထီးချိုင့်မြို့ တဖက်ကမ်း၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက မြတောင်ကျေးရွာနဲ့ မြတောင်ရွာ အနီးဝန်းကျင်က စစ်အုပ်စုရဲ့ ခံစစ်စခန်း လေးခုကို တော်လှန်ရေး တပ်တွေက သိမ်းယူနိုင်ခဲ့ပါတယ်။
လက်ရှိမှာ ထီးချိုင့်မြို့ထဲ စစ်အုပ်စု ခံစစ်စခန်းတွေအဖြစ် ထီးချိုင့်တံတားထိပ်နဲ့ ထီးချိုင့်မြို့လည်ခေါင် မြသိန်းတန် စေတီကုန်းတို့ ကျန်နေတာဖြစ်ပြီး အဲ့ဒီ နှစ်နေရာကို သိမ်းပိုက်နိုင်ပါက မြို့လုံးကျွတ် သိမ်းပိုက်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက မြသိန်းတန်တောင်ပေါ်မှာ အင်အား အများအပြားနဲ့ ဘန်ကာတွေ ဆောက်ကာ အခိုင်အမာ အထိုင်ချ ခုခံနေပြီး နောက်ဆုံးလက်ကျန် အဲ့ဒီ ခံစစ်စခန်း နှစ်နေရာမှာ စစ်အုပ်စု အင်အား(၂၀၀)လောက် ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ရပ်နားထားပေမယ့် ယမန်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စု သင်္ဘောတွေ ဆန်တက်တာကြောင့် မြတောင်ကျေးရွာအနီးကနေ စစ်အုပ်စု သင်္ဘောတွေကို ဆီးကြို ပစ်ခတ်တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက သင်္ဘောတွေကို လေယာဥ်ပစ်ကူနဲ့ ကာကွယ်ပေးခဲ့ပြီး မောင်းကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ (၁၀)ဦးအထိ သေဆုံးကာ ဒဏ်ရာရသူလည်း ဆယ်ချီ ရှိခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာက ထီးချိုင့်မြို့ကို ပထမအကြိမ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာမှာလည်း စစ်အုပ်စုက မြသိန်းတန် ဘုရားကုန်းကနေ ခုခံခဲ့ပြီး လေကြောင်းပစ်ကူလို့ တော်လှန်ရေး တပ်တွေ အနေနဲ့ မြို့ကို အပြီးသတ် မသိမ်းနိုင်ခဲ့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ထီးချိုင့်မြို့ကို ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးလို့ မြို့လုံးကျွတ်နီးပါး ပျက်စီးခဲ့ပြီ ဖြစ်ကာ ဒေသခံပြည်သူတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေရတာ (၁၀)လနီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။
ထီးချိုင့်မြို့ရဲ့ တဖက်ကမ်း၊ ထီးချိုင့်ကာကင်းစခန်းတွေ ဖြစ်တဲ့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက မြတောင်ရွာကို တော်လှန်ရေး တပ်တွေက ဩဂုတ်လ(၂၂)ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့စဉ်/Photo – ပေးပို့
#Mandalay_Free_Press_MFP