ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ

by

in

ရန်ကုန်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေ နှာစေးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်လံခြိမ်းခြောက်ပြောဆိုနေ
CJ Platform
ရန်ကုန်တိုင်း၊ ရန်ကုန်မြို့က မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရမယ်လို့ သတိပေးပြောဆိုမှုတွေရှိနေကြောင်း အပြောခံရသူဘေးတွဲမောင်းသူများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတတိယပတ်အတွင်းမှစတင်ပြီး ရန်ကုန်မြို့မှာ ပြည်သူ့လုံခြုံရေးလို့ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ စတင်လာခဲ့တာပါ။
အခုတော့ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ အခြေခံလူတန်းစားတွေဖြစ်တဲ့ သုံးဘီးဆိုင်ကယ်မောင်းနှင်နေသူတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်ထဲဝင်ဖို့ လာ‌ရောက်ပြောဆို ဖိအားပေးတာလို့လည်း အဲဒီမြို့ခံများထံမှ သိရပါတယ်။
“အသက်အရမ်းမကြီးတဲ့သူတွေကို အဓိကခေါ်ချင်တာ။ ဂိတ်ကိုလာပြောတာ။ ကျွန်တော်ကတော့ အသက်လည်းကြီးပြီး ကျန်းမာရေး‌လည်းမကောင်းဘူးလို့ငြင်းလိုက်တယ်။ တချို့သန်သန်မာမာ ၄၀ ဝန်းကျင်ရှိသူတွေကိုတော့ မဖြစ်မနေဝင်ရမယ်။ သင်တန်းတက်ရမယ်။ ကင်းလှည့်တာတွေမှာ လိုက်ရမယ်။ တချို့လည်းငြင်းမရတော့ စာရင်းပါသွားတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ဘေးတွဲမောင်းသူတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်ဘက်မှာတော့ ဘေးတွဲမောင်းသူတွေကို ယခင်ကတည်းက စစ်ကောင်စီတပ် သတင်းပေးအဖြစ်လုပ်ကိုင်ပေးမှ ဘေးတွဲမောင်းခွင့်ပေးမယ်ဆိုပြီး လုပ်ဆောင်ထားတာရှိသလို အခုလည်း ပြည်သူ့စစ်သင်တန်း တက်ရမယ်လို့ ဖိအားပေးမှုတွေရှိနေတယ်လို့ ၅ ရပ်ကွက်က ဘေးတွဲမောင်းတစ်ဦးက ပြောပါတယ်။
“အရင်ဘေးတွဲတွေ ခပ်စိတ်စိတ်ဖမ်းတဲ့အချိန်တည်းက မောင်းမယ်ဆိုရင် သူတို့ရဲ့သတင်းပေးအဖြစ်လုပ်ရမယ်ဆိုပြီး ခြိမ်းခြောက်ပြီးပြောထားတာ။ အခုလည်း ပြည်သူ့စစ်သင်တန်းစရင် တက်ရမယ်ဆိုပြီး ဂိတ်တွေကို လိုက်ပြော‌နေတာရှိတယ်။ မတက်ရင် မောင်းခွင့်မရဘူးဆိုလည်း မမောင်းတော့ဘူးပေါ့” လို့ ၎င်းက ဆိုပါတယ်။
အခုလို သတိပေးပြောဆိုတာတွေကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေမပါဝင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသီးသန့် လာရောက်ပြောဆိုခဲ့တာလို့ ကြုံတွေ့ခဲ့ရသူတွေထံမှ သိရပါတယ်။
စစ်ကောင်စီက အသက် ၃၆ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်သူ့စစ်သင်တန်းတစ်လပေးပြီး မြို့နယ်လုံခြုံရေးအတွက် လုပ်ဆောင်ခိုင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုမှာ အဲဒီအသက်အရွယ်အတွင်းရှိကြသူတွေသာဖြစ်တာကြောင့် ပြည်သူ့စစ်အဖြစ် လူစုဆောင်းပေးဖို့လက်တွန့်နေကြတယ်လို့ ရန်ကုန်မြိုက အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ သိရပါတယ်။
“ပြည်သူ့လုံခြုံရေးအဖွဲ့က မြို့နယ်အဆင့်ကနေ ရပ်ကွက်ကို စာရင်းမတောင်းသေးသလို ရပ်/ကျေးအုပ်ကြီးတွေကလည်း မသိချင်ယောင်ဆောင်ပြီး စာရင်းမကောက်ဘဲ ငြိမ်နေတယ်။ ဗိုလ်တထောင်ကနေ လမ်းမတော်မြို့နယ်ဘက်အထိက လုပ်မယ့်သူတောင်မရှိဘူး” လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မှာ ဘေးတွဲဆိုင်ကယ်‌တွေကို ဖမ်းဆီးငွေညှစ်မှု‌တွေ စစ်ကောင်စီတပ်သားများက လုပ်ဆောင်‌တယ်လို့ သတင်းများထွက်ပေါ်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။
ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တချို့မှာ ဘေးတွဲဆွဲခွင့်ရဖို့ အုပ်ချုပ်ရေးမှူး‌တွေကို လစဉ် တစ်လကို ကျပ် ၅၀၀၀ မှ ၁၀,၀၀၀အထိ ပေးဆောင်နေရမှု‌တွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။
ရန်ကုန်မြို့မှာ ပြည်သူ့စစ်ဖွဲ့ဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က မြို့နယ်နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကိုခေါ်ယူပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ ရန်ကုန်မြို့အတွင်းက တစ်ရပ်ကွက်ကို ၁၃ ဦးအနေနဲ့ တစ်မြို့နယ် ၁၅၀ မှ ၂၀၀ ခန့်အထိ လူစုပေးရမှာဖြစ်ပြီး မြို့နယ်အဆင့်ပါဝင်သူတွေအနေနဲ့ စစ်ကောင်စီကပေးတဲ့ စစ်သင်တန်း တစ်လတက်ရောက်ပြီးနောက် လစာအနေနဲ့ တစ်လ ကျပ်နှစ်သိန်းရရှိမယ်လို့ အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
🖋ကိုထက်၊ သုတ
ဓာတ်ပုံ – လူမှုကွန်ရက်