မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွား

by

in

မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွား
ရန်ကုန်၊ စက်တင်ဘာ ၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစု ကျေးရွာတွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားများက ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီးမှ စိန်ဖူးတော်ကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဦးတိုမြန်မာစုကျေးရွာရှိ ရွှေပြည်အေး အောင်တော်မူစေတီတော်ကြီး အနီးတွင် သေနတ်ပစ်ဖောက်၍ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်များက ဘုရားစိန်ဖူးတော်ကို ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားစိန်ဖူးတော် ပျောက်ဆုံးနေမှုကို ဒေသပြည်သူများက စက်တင်ဘာလ ၂ ရက်နေ့တွင် သိရှိခဲ့ပြီး ဦးတိုမြန်မာစု ကျေးရွာအနီးကို အကြမ်းဖက် စစ်သားများက ညအချိန်လာရောက်လေ့ရှိပြီး စိန်ဖူးတော် ပျောက်ဆုံးသည့်နေ့တွင် ခွေးဟောင်းသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး သေနတ်ပစ်ဖောက်သံများ ကြားရသောကြောင်း ဒေသပြည်သူများက ရှင်းပြသည်။
“လကွယ်နေ့ကမှ ကျောင်းထိုင်ဘုန်းကြီးက ဘုရားကို မော့ကြည့်ရင်း စိန်ဖူးခိုးခံရတာသိတာ သြဂုတ်၂၉ရက်နေ့ အထိရှိတယ်။ မင်းလှမြို့နယ်မှာ စစ်ခွေးတွေ ပေါ်တာဆွဲတာကြောင့် ဘယ်သူမှ အပြင်မထွက်ချိန် ဘုရားစိန်ဖူးတော်ပျောက်ဆုံးသွားပါတယ်။ စိန်ဖူးတော် မပျောက်ဆုံးခင် ၂ ရက် ၊ ၃ ရက်လောက်က ရွာအတွင်းမှာ ပေါ်တာဆွဲဖို့ စစ်ခွေးတွေ ခြေရှုတ်နေတာ ခိုးယူခံရတဲ့နေ့က ခွေးဟောင်သံတွေနဲ့ သေနတ်သံတွေ ကြားရတယ်။ ပေါ်တာဆွဲခံရမှာ ကြောက်လို့ ဘယ်သူမှအပြင်ထွက်မကြည့်ရဲကြဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။