မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)
မေ ၁၇၊ ၂၀၂၅
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၁၀ ရက် နေ့လယ်ပိုင်းက ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေ နားနေတဲ့ နေရာနဲ့ ဂျန်ဘာစက်ထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ ကာ M.D.F ဒရုန်းတပ်ဖွဲ့က Fixed Wings ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ရပြီး မဟာမိတ်တပ်ဖွဲ့ရဲ့ လက်နက်ကြီးပြောင်းကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်(MNGF)၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGN)၊ SMK Group၊ Aung San’s Blood Civilians Defense Force(ABCDF)၊ နယ်စည်းမခြားလက်နက်ကြီးတပ်ဖွဲ့၊ T.G.Y.Rပြောက်ကျားတပ်ဖွဲ့၊ ဇင်ယော်နီပြောက်ကျားတပ်ဖွဲ့၊ Revolutionary Air Force ( Myaung ) ၊ အားမာန်သစ် (ငါန်းဇွန်)နဲ့ ဧရာမြွေးပွေး တပ်ဖွဲ့ (ငါန်းဇွန်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။